ကချင်ပြည်နယ်က စစ်ကောင်စီတပ်စခန်းနှစ်ခု တိုက်ခိုက်သိမ်းယူခံရ
2023.12.01
ကချင်ပြည်နယ် မိုးညှင်းနဲ့ ရွှေကူမြို့နယ်ထဲက စစ်ကောင်စီအထိုင်ချ တပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ Kachin People Defend Force (KPDF) ပူးပေါင်းတပ်တွေက ဒီဇင်ဘာလ ၁ ရက် ဒီနေ့မှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မိုးညှင်းမြို့နယ် ရွှေငြိမ်းချမ်း ရွှေမှော်အနီးက အင်အား ငါးဆယ်ခန့်ရှိတဲ့ တပ်စခန်းတစ်ခုနဲ့ ရွှေကူမြို့နယ် မြို့လှမြို့၊ အောင်ချမ်းသာရွာက အင်အား သုံးဆယ် ဝန်းကျင်ရှိတဲ့ တပ်စခန်းတစ်ခုတို့ကို သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
မိုးညှင်းမြို့နယ်ထဲက တပ်စခန်းကိုတော့ KIA တပ်ရင်း ၅ နဲ့ မြို့လှ KPDF ပူးပေါင်းတပ်က ဒီဇင်ဘာလ ၁ ရက် ဒီနေ့မနက် အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက် သိမ်းယူခဲ့တာလို့ မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီစခန်းမှာက အင်အား ငါးဆယ်လောက်တော့ ရှိမယ်။ သူတို့ဘက်က အရမ်းကြီး တောင့်ခံပြီး ခုခံတာ မရှိဘူး။ တစ်နာရီလောက် တိုက်ပြီး စခန်းစွန့်သွားတာပဲ။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးနဲ့ လက်နက်ခဲယမ်း သိမ်းရတဲ့ အသေးစိတ်ကိုတော့ မသိရသေးဘူး စိစစ်နေတုန်းပဲ”
ဒါ့အပြင် မြို့လှမြို့ အောင်ချမ်းသာရွာက အင်အား သုံးဆယ် ဝန်းကျင်ရှိတဲ့ စစ်ကောင်စီ တပ်စခန်းတစ်ခုကိုလည်း ဒီနေ့မှာ မြို့လှ KPDF က တိုက်သိမ်းယူခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူနဲ့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းတို့ကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ စခန်းသိမ်းတိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။