ကချင်အထူးဒေသ(၁) သတ်မှတ်ချက်ကို KIO ပယ်ဖျက်
2024.11.28
ကချင်ပြည်နယ်က ချီဖွေ၊ ဆော့လော်၊ ပန်ဝါနဲ့ ကန်ပိုက်တီဒေသတွေကို KIA က သိမ်းပိုက်လိုက်ပြီးနောက် စစ်အာဏာရှင်အစိုးရတွေက သတ်မှတ်ခဲ့တဲ့ ကချင်အထူးဒေသ (၁) ဆိုတဲ့ သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ပြီလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ကြေညာပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်အထူးဒေသ (၁) ကို KIA က စက်တင်ဘာလကုန်ပိုင်းလောက်က စတင်ထိုးစစ်ဆင်ခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့မှာ နောက်ဆုံးကျန်နေတဲ့ ကန်ပိုက်တီမြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်အာဏာရှင်အစိုးရတွေက သူတို့အာဏာတည်မြဲရေးအတွက် ကချင်အထူးဒေသ (၁) လို့ ခွဲခြားသတ်မှတ် အုပ်ချုပ်ခဲ့ပြီး ဒါဟာကချင်လူမျိုးတွေရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်ခဲ့တယ်လို့ KIO က ဆိုပါတယ်။
ကချင်လူမျိုးတွေသာမက ဒေသအတွင်းက တခြားတိုင်းရင်းသားပြည်သူတွေလည်း အတူတကွနေထိုင်နိုင်ဖို့ ဒီနယ်မြေကို KIA က သိမ်းပိုက်ခဲ့တာလို့လည်း ပြောပါတယ်။
ဒေသခံတွေနဲ့ ရင်းနှီးမြှုပ်နှံထားသူတွေ အားလုံးမစိုးရိမ်ဘဲ KIO နဲ့ပူးပေါင်းပြီး ဒေသဖွံ့ဖြိုးရေးကို လုပ်ကိုင်ဖို့ကိုလည်း KIO က ဖိတ်ခေါ်လိုက်ပါတယ်။
KIO အနေနဲ့ ပြည်သူလူထုရဲ့ စီးပွားရေးနဲ့ လူမှုရေးကို မထိခိုက်စေဘဲ လူသားချင်းစာနာထောက်ထားတဲ့ အခြေခံမူနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပြန်လည်တည်ဆောက်မယ်လို့လည်း ပြောထားပါတယ်။