ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်အရေအတွက် တိုးများလာ

ကိုဂျေ(ဝါရှင်တန်ဒီစီ)
2021-04-09
Share

ဖေဖော်ဝါရီလ (၁) ရက်နေ့ တပ်မတော်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ကချင်တပ်မတော် KIA တို့ကြား တိုက်ပွဲတွေ ပြန်ဖြစ်နေကြောင့် စစ်ဘေးဒုက္ခသည်တွေ များလာပါတယ်။

လတ်တလော စစ်ပွဲတွေကြောင့် စစ်ဘေးရှောင် (၅၀၀) လောက် တိုးပွားလာခဲ့တယ်လို့ မြစ်ကြီးနားအခြေစိုက် ပလနကျေးရွာရှိ စိန်ဂျိုးဇက်စစ်ရှောင်စခန်းရဲ့ တာဝန်ရှိသူ ဦးခွန်းအောင်က အခုလိုပြောပါတယ်။

“လွန်ခဲ့တဲ့ ဖေဖော်ဝါရီ (၁၅) ရက်နေ့က ကျွန်တော်တို့ဆီရောက်လာတဲ့ လူတွေက အင်ဂျန်းယန် မြို့နယ်ဘက်က ဆိုတော့ မြစ်ဆုံအထက်နားမှာ စစ်ပွဲဖြစ်လာတော့ အကုန်လုံး ဒီကနေ ပြန်သွားသူ အားလုံးက ကြောက်လန့်ပြီးတော့မှာ ဒီစခန်းကို ပြန်ရောက်လာတဲ့သဘောပေါ့။ နောက်ထပ်တော့ အဲ့ဒီဘက်အခြမ်းကို ဘာဖြစ်တယ်တော့ ကျွန်တော်တို့မကြားရဘူး။ ကျွန်တော်တို့ အားလုံး ဒုက္ခရောက်လာပြီးတော့မှ ဒီကိုရောက်လာကြတာဖြစ်တဲ့အတွက် အဘက်ဘက်ကနေ အားလုံးက ကူညီပေးကြပါလို့ ပြောချင်ပါတယ်"

မတ်လ အလယ်ပိုင်းလောက်ကနေ စပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း နယ်စပ်ဖြစ်တဲ့ ဖားကန့်မြို့နယ်၊ ဟောင်းပါးအုပ်၊ ဆယ်စင်းကျေးရွာတဝိုက်ကနေ စပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာတော့ ကားမိုင်း၊ မိုးကောင်း၊ ဖားကန့်၊ ပူတာအို၊ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန် မြို့နယ်တွေမှာပါ တိုက်ပွဲကြီးတွေ ပြင်းထန်ခဲ့ပါတယ် ။ ဒီတိုက်ပွဲတွေမှာ အာဏာသိမ်း စစ်တပ်ဘက်က စစ်ပွဲသုံးလေယဉ်တွေ ၊ ဟယ်ရီကော်ပတာတွေ လက်နက်ကြီးတွေ အသုံးပြုခဲ့တယ်လို့ စစ်ဘေးုက္ခသည်တွေက ပြောပါတယ်။ မြစ်ဆုံအထက်ပိုင်း ဂွေထောင်ကျေးရွာက စစ်ပွဲကြောင့် စစ်ရှောင်စခန်းကို ရောက်လာတဲ့ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“စစ်ပွဲဖြစ်နေတဲ့အချိန် အဲ့ဒီနေရညကနေ ကျွန်မတို့ ပြေးဖို့ကြိုးစားခဲ့တယ် ။ စစ်ဖြစ်နေရင်းမှာ လေးမိနစ်လောက် ခဏရပ်သွားကြချိန် အဲ့ကြားထဲမှာ ဖုန်းနဲ့ပိုက်ဆံအိတ်ကို အပြေးလွှား အရယူခဲ့တယ်။ လေးမိနစ်ပြည့်ပြီးတော့ ပြင်းပြင်းထန်ထန် စစ်ပွဲက ပြန်ဖြစ်တယ်။ ကျွန်မတို့ လမ်းမကြီးတိုင်း မပြေးဘူး။ သေမှာကြောက်လို့ပါ။ အဲ့ဒါနဲ့ နှစ်ဖက်က ပစ်ခက်နေတဲ့ကြားမှာ လမ်းကြိုလမ်းကြားရှားပြီး အသက်လု ပြေးထွက်ခဲ့ရတယ် ။ လဝေခချောင်းဘက်ကို ဆင်းပြေးခဲ့လို့ ဘာဒဏ်ရာမှ မရဘဲ အသက်ဘေးကနေ လွတ်လာခဲ့တယ်"

ကချင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်စခန်းပေါင်း (၆၀ ) ကျော်ရှိပြီး စစ်ဘေးးုက္ခသည် တစ်သိန်းနှစ်သောင်းကျော် ရှိပါတယ်။ မြစ်ကြီးနား ၊ဝိုင်းမော် ၊ မိုးကောင်း ၊ ဗန်းမော်မြို့တို့မှာ စစ်ဘေးဒုက္ခသည်စခန်း (၅၃) ခု ရှိပါတယ်။ ဒီစစ်ဘေးသင့်ပြည်သူတွေကို အဓိက ကူညီစောင့်ရှောက်မှုတွေ ပေးနေတာကတော့ ကချင်ပြည်နယ် ရိုမန်ကက်သလစ်သာသနာတော်အဖွဲ့၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်တွေ၊ ကရုဏာအဖွဲ့အစည်း| ICRCနဲ့ UN အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ကချင်နှစ်ခြင်း ခရစ်ယန်အသင်းတော်များဂိုဏ်းချုပ် (KBC ) ဥက္ကဋ္ဌ ဒေါက်တာခလမ် ဆမ်ဆွန်က လက်ရှိ စစ်ဘေးသင့် ပြည်သူတွေ ကြုံတွေ့နေရတဲ့ လက်ရှိအခြေနေအခက်အခဲတွေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“အခုတလော World Food (ကမ္ဘာ့စားနပ်ရိက္ခာ)တို့ ၊ UN တို့က ထောက်ပံ့နေတဲ့ ထောက်ပံ့မှုတွေကလည်း ဘဏ်စနစ်ကြောင့် နည်းနည်း အရင်တုန်းကလောက် မတွင်ကျယ်တော့ဘူးပေါ့။ ဆိုတော့ စိတ်ဓာတ်ရေးရာမှာတော့ စိတ်ဓာတ်တော့ ပိုကျလာတာပေါ့ ။ ပြန်ဖို့အရေး လုပ်လာတဲ့အချိန် အားလုံးပြီးစီးဖို့ လုပ်လာတဲ့အချိန်မှာ ဒီလိုပြဿနာကတစ်ခု ပြန်ပေါ်လာတယ်ဆိုတော့ ပိုလို့အနှောက်ယှတ်ဖြစ်သွားတာပေါ့။ ပိုတော့ စိတ်ဆင်းရဲရတာပေါ့။ တိုက်ပွဲပေါ်မှာ မူတည်ပြီးမှ IDP တွေကတော့ တိုးလာနိုင်တယ် ။ နောက်ပြီးမှ ကျန်တဲ့ နေရပ်ပြန်ရေးမှာလည်း နှောင့်နှေးသွားနိုင်တယ်"

ကချင်တပ်မတော် KIA /KIOရဲ့ သတင်းပြန်ကြားရေးဌာနက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကတော့ တပ်မတောနဲ့ KIA ကြား စစ်ရေးတင်းမာနေတယ်လို့ RFA ကိုပြောပါတယ် ။ လိုင်ဇာအနီးမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ အကြိမ်ကြိမ်လာရောက်ပစ်ခက်တာ၊ KIA တပ်စခန်းရှိတဲ့ နေရာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်ခဲ့တာ၊ ကျေးရွာတွေအပေါ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခက်တာတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ် ။

“ဒီဘက်ပိုင်းမှာ တိုက်ပွဲပြန်ဖြစ်တဲ့ အနေထားအောက်မှာ ကျွန်တော်တို့ ပြည်သူလူထုတွေ တွေ့ကြုံလာတာကတော့ ကျွန်တော်တို့ရဲ့ တပ်မဟာ (၁) နယ်မြေဖြစ်နေတဲ့ အင်ဂျန်းယန် မြို့နယ်ဘက်က ပြည်သူလူထုတွေဟာ ဒီမြို့ပေါ်ဘက်မှာ ပြန်ပြီးတော့ ဆင်းလာတာ ရှိတယ် ။ ဒါ တော်တော်လေး ဒုက္ခရောက်တာ ဖြစ်ပါတယ် ။ နောက်တစ်ခုကတော့ ဖားကန့်ဘက်မှာ စစ်ဘေးရှောင်နေတာတွေလည်း ရှိပါတယ် ။ နောက် ရှမ်းမြောက်မှာလည်း စစ်ရှောင်နေရတာတွေ အများကြီးရှိတယ် ။ ဒါပေမဲ့ နေရာဒေသတော်တော်များများမှာတော့ ကိုယ့်ဒေသမှာ ကိုယ့်ရွာမှာ ပြန်ကြမယ်ဆိုတာ အများကြီးရှိတယ် ။ ဒါပေမဲ့ အခုဟာက စစ်အာဏာသိမ်းပြီးမှ နေရာတကာမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာလို့ဆိုတော့ သူတို့ဘာသာ သူတို့ ကိုယ့်ရဲ့ ရပ်ရွာကို ရွာဟောင်းတွေကို မနေရဲလို့ စစ်ရှောင်စခန်းတွေကို ပြန်လာတာတော့ အများကြီး ရှိတယ် “

လက်ရှိ စစ်ဘေးရှောင်စခန်းတွေဟာ အလှူရှင်တွေကို အဓိကထား မှီခိုနေရတာဖြစ်ပါတယ် ။ တိုက်ပွဲတွေကြောင့် ထောက်ပံ့ကူညီမှုတွေ လိုအပ်နေပြီး စစ်ဘေးရှောင်တွေ ဒုက္ခရောက်နေတယ်လို့ ဆိုပါတယ်။ မြစ်ကြီးနားမြို့၊ ပလနကျေးရွာရှိ စိန်ဂျိုးဇက်စစ်ရှောင်စခန်းမှာ စစ်ဘေးရန်ကနေ ပုန်းရှောင်နေရတဲ့ ဆယ်ကျော်သက်လူငယ်တစ်ဦးကတော့ သူ့ရဲ့ စစ်ရှောင်ဘဝ အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

“ကျွန်တော်တို့ စစ်ဘေးရှောင်တွေရဲ့ဘဝက ပြင်ပလူတွေနဲ့ ထိတွေ့တဲ့အခါ စစ်ရှောင်ဆိုပြီး အခေါ်ခံရတယ်။ ပြင်ပက လူတွေထက် ကျွန်တော်တို့ စစ်ရှောင်နေရတဲ့ ဘဝက လူတွေဟာ အခွင့်အရေးအများကြီး ဆုံးရှုံးရတယ်။ စခန်းမှာပဲ နေ့တိုင်းနေ့တိုင်း ဘဝကြီးဖြတ်သန်းရတာက နေ့စဉ် စိတ်အားငယ်မှုတွေ၊ စိတ်ဒဏ်ရာတွေနဲ့အတူ အလုပ်လက်မဲ့ဘဝအဖြစ်နဲ့ အချိန်တွေ ကုန်နေရတယ်"

တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းပိုက်ပြီးနောက်ပိုင်း ကချင်ပြည်နယ် နေရာအနှံ့အပြားမှာ အာဏာသိမ်းစစ်တပ်နဲ့ KIA တို့ တိုက်ပွဲကြီးငယ် အကြိမ်ရေ (၃၀) ခန့် ဖြစ်ခဲ့ပါတယ်။ လက်ရှိ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ငါးရာခန့် တိုးလာသလို။ တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေ ပိုများလာနိုင်တယ်လို့ ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့