ပူတာအိုခရိုင်မှာ ကုန်ပစ္စည်းတွေပြတ်လပ်နေ

RFA Burmese
2024.08.29
ပူတာအိုခရိုင်မှာ ကုန်ပစ္စည်းတွေပြတ်လပ်နေ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းမှ စစ်ဘေးများဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။
Sanlu Ram Seng Photo

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းက မြို့နယ်တွေမှာ ဆေးဝါး၊ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်နေတာ ခြောက်လနီးပါးရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကုန်ပစ္စည်းတွေပို့ဆောင်ရာမှာ အဓိကအသုံးပြုနေတဲ့ ပူတာအို- မြစ်ကြီးနား ပြည်ထောင်စုလမ်းမဟာ တိုက်ပွဲတွေအပြင် မိုးတွင်းကာလ ရေတိုက်စားမှုကြောင့် လမ်းပိုင်းတချို့ ပျက်စီးသွားတာကြောင့် ကုန်ပစ္စည်းတွေ မတင်ပို့နိုင်ဘဲ ပြတ်လပ်ကုန်တာလို့ အမည်မဖော်လိုတဲ့ ပူတာအိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုက ခြောက်လလောက် ပိတ်ခံထားရတော့ လူသုံးကုန်မှန်သမျှ ပြတ်လပ်နေတယ်။ မနေ့ကတော့ ကားသေးတွေတော့ တက်လာကြတယ်။ ဒါပေမဲ့ စျေးတွေတော့ ကြီးဦးမယ်”

ဒါ့အပြင် ပူတာအိုမြို့ပေါ်မှာ ဆန်ကို လိုသလောက်ဝယ်လို့မရသလို ဆန်ကြမ်းတစ်အိတ်ကိုလည်း ငွေကျပ် ငါးသိန်းကျော်အထိ ပေးနေရတယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်နေချိန်အတွင်း ပြည်ထောင်စုလမ်းမကို ပိတ်ခဲ့ပါတယ်။

အခုနှစ် ဇွန်လ ၁၉ ရက်နေ့ကစပြီး အကန့်အသတ်နဲ့ ကုန်စည်တင်ပို့ခွင့်ရခဲ့ပေမဲ့ ဇူလိုင်လဆန်းမှာ ရေကြီးပြီး လမ်းပျက်စီးသွားတာကြောင့် ဩဂုတ်လအထိ ကုန်တင်ပို့မှု ထပ်မံရပ်ဆိုင်းသွားတာပါ။

ပူတာအိုကနေ မိုင် ၆၀ ကျော်ဝေးတဲ့ နောင်မွန်မြို့မှာလည်း ကုန်ပစ္စည်းပြတ်လပ်နေတာကြောင့် စျေးရောင်းချသူတွေ မရှိတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပူတာအိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အရမ်းခက်ခဲနေတယ် နောင်မွန်မှာ။ ဆန်၊ ဆီ၊ ဆားတွေကအစ ရဖို့ခက်ခဲနေတယ်။ အိုင်အိုဒင်းဆား တစ်ထုတ်ကို ၅၀၀၀ လောက်ပေးရတယ်၊ ဒါတောင် ရောင်းတဲ့သူသိပ်မရှိဘူး။ အခုက ကလေးတွေလည်း အရမ်းဖျားတယ်။ ဆေးဝါးတွေလည်း မရှိဘူး။ ဖျားရင်လည်း အိမ်မှာပဲရမ်းကုနေကြရတယ်။ အခုဆိုင်းဖွင့်တဲ့သူတွေတောင် မရှိတော့ဘူး”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

ပူတာအိုခရိုင်မှာ ပူတာအို၊ ဆွမ်ပရာဘွမ်၊ နောင်မွန်၊ မချမ်းဘော့၊ ခေါင်လန်ဖူး စတဲ့ မြို့နယ်ငါးခုရှိပြီး အဲဒီဒေသတွေအတွက် ကုန်ပစ္စည်းတွေကို မြစ်ကြီးနားမြို့ကနေ အဓိကတင်ပို့နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။