ကချင်က တရားမဝင်ရွှေတူးဖော်မှုတွေ ရပ်ဆိုင်းပေးဖို့ MMWN တောင်းဆို
2023.05.29
ကချင်ပြည်နယ်မှာ တရားမဝင်ရွှေတူးဖော်မှုတွေများနေပြီး သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဝန်းကျင်ထိခိုက်မှု ကြီးကြီးမားမား ဖြစ်ပေါ်စေနိုင်တာကြောင့် ရွှေတူးဖော်မှုလုပ်ငန်း တွေကို ရပ်ဆိုင်းဖို့ မြန်မာသတ္တုမိုင်း စောင့်ကြည့်ရေးကွန်ရက် (MMWN) က မေလ ၂၉ ရက် ဒီနေ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအပေါ် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) ကိုလည်း ဥပဒေတစ်ရပ်လို လေးစားလိုက်နာဆောင်ရွက်ဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ် သူတွေကိုလည်း အကာကွယ်ပေးဖို့ လိုတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်း တောင်းဆိုထားပါတယ်။
ရွှေတူးဖော်မှုကို ကန့်ကွက်သူတွေကိုလည်း ခြိမ်းခြောက်တာတွေရှိနေတယ်လို့ မြန်မာ သတ္တုမိုင်း စောင့်ကြည့်ရေး ကွန်ရက် (MMWN) အဖွဲ့ဝင်တစ်ဦးက ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။
“ဒေသခံတွေက ဘယ်သူ့ကိုပြောရမှန်းမသိဘူး။ ပြောရင်လည်း အသက်အန္တရာယ် ခြိမ်းခြောက်တာ၊ စာနဲ့ ခြိမ်းခြောက်တာ၊ လူတွေ့လာပြီးပြောတာတွေရှိတယ်။ အဲဒီ ဧရာဝတီမြစ်တောက်လျှောက်ကို စက်ယန္တရားကြီးတွေနဲ့ တူးဖော်တာ အာဏာသိမ်းပြီး ချက်ချင်းကို တွေ့ရပါတယ်။ ကျွန်တော်တို့ ခမ်းဘူရွာမှာပဲ ကုမ္ပဏီလုပ်ငန်းရှင် ၇၀ နဲ့ ၈၀ ကြားရှိတာ တွေ့ရတယ်”
အခုနောက်ပိုင်း ရွှေတူးဖော်တဲ့လုပ်ကွက်တွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အမြတ် ထုတ်ခံရတာနဲ့ မူးယစ်းဆေးဝါးပြဿနာအပြင် ဒေသခံတွေရဲ့ လုပ်ကိုင်စားသောက်ဖို့ မြေနေရာ ဆုံးရှုံးတာ၊ သောက်သုံးရေ ရှားပါးလာတာနဲ့ ကျန်းမာရေးထိခိုက်လာတဲ့အထိ ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ဆုံအနီးတစ်ဝိုက်ရွာတွေမှာ ရွှေတူးဖော်မှုပိုမိုများလာသလို အဲဒီအနားမှာ လယ်ဧက ၂၀ ခန့် ဆုံးရှုံးသွားတယ်လို့လည်း MMWN ရဲ့ ဒီနေ့ ထုတ်ပြန်ချက် မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ရွှေတူးဖော်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းပါးတွေ ပျက်စီးလာပေမယ့် အဲဒီရွှေတူးဖော် ပြီးတဲ့ ကျင်းဟောင်းတွေကို ပြန်ဖို့တာမရှိဘူးလို့လည်း ဆိုပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ ကချင်ပြည်နယ်မှာ သူတို့အနေနဲ့ ရွှေတူးဖော်မှုတွေ ခွင့်ပြုထားတာမရှိဘူးလို့ RFA ကို ပြီးခဲ့တဲ့အပတ်က ဖြေဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မူလပိုင်ရှင်ဖြစ်တဲ့ ဌာနေတိုင်းရင်းသား တွေရဲ့ ရေထု၊ မြေထု၊ လေထု စီမံခန့်ခွဲ့မယ့် ဥပဒေအားလုံးကိုဖျက်သိမ်းပြီး ဌာနေ တိုင်းရင်းသားတို့ရဲ့ အခွင့်အရေးကို လေးစားလိုက်နာ တဲ့ ဖက်ဒရယ်စနစ် သယံဇာတ စီမံအုပ်ချုပ်မှုစနစ်ကို အကောင်အထည်ဖို့ တိုက်တွန်းထားပါတယ်။
အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် မြေရှား၊ ရွှေ၊ ကျောက်စိမ်း၊ ပယင်း စတဲ့ သယံဇာတတူးဖော်မှုတွေ သိသိသာသာ ပိုများလာတယ်လို့ ဒေသခံတွေနဲ့ သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။
မြန်မာသတ္တုမိုင်းစောင့်ကြည့်ရေးကွန်ရက်ဟာ ၂၀၁၆ ခုနှစ်က စဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင် ၁၆ ဖွဲ့ပါဝင်ပါတယ်။