ကလော မြေပြိုမှု ၁၆ ဦး သေဆုံး၊ ၇ ပျောက်ဆုံးနေဆဲ


2013.05.03
kalaw-landslide-305.jpg ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှာ မေလ ၁ ရက်နေ့က မိုးသည်းထန်စွာရွာခဲ့တဲ့အတွက် မြေပြိုမှုများကို တွေ့မြင်ရပုံ
Photo: RFA

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှာ မေလ ၁ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာခဲ့တဲ့အတွက် ရွှေတွင်းတစ်ခု ပြိုကျမှုကြောင့် လူ ၁၆ ဦး သေဆုံးပြီး၊ လူ ၈ ဦး ဒဏ်ရာရရှိကြောင်း၊ ၇ ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဒီဖြစ်စဉ်ဟာ ကလောမြို့ကနေ  ၁၆ မိုင်လောက်ဝေးတဲ့ ရွှေမင်းကုန်းကျေးရွာအုပ်စုမှာ ရှိတဲ့ တောင်ပတ်ရွာနားက ရွှေတောင်ကြား ရွှေတူး လုပ်ငန်းခွင်မှာ ဖြစ်ပွားခဲ့တာပါ။

မိုးကြီးမှုကြောင့် ရွှေတွင်းပြိုကျတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အဲ့ဒီနေရာမှာ ကယ်ဆယ်ရေး သွားရောက်လုပ်ကိုင်နေတဲ့ ကလောမြို့ NLD ပါတီဝင် ကိုဖိုးဇော်က RFA ကို အခုလိုပြောပါတယ်။

“စဖြစ်တဲ့အချိန်က ည ၁၂ နာရီလောက်အချိန်က ဖြစ်တာလေ၊ ရွှေတောင်ကြားဆိုတဲ့ လျှိုထဲမှာပေါ့၊ သူတို့တဲလေးတွေထိုးပြီး နေကြတဲ့ဟာတွေက အပေါ်ကသစ်ပင်တွေကျိုးပြီး ပိမိလို့သေသွားတဲ့သူတွေလည်း ပါတယ်ပေါ့၊ ရွှေတွင်းကတော့ တူးတဲ့လူတွေဆုံးတယ်ဆိုတာက သူတို့ကျင်းတွေကို ရေတွေဝင်လာတဲ့အချိန်မှာ သူတို့ကအဲရေတွေကို လမ်းလွှဲသွားလုပ်တာ၊ ဒါပေမယ့် ရေတွေကသိပ်ကြီးတဲ့အခါ ရေအားနဲ့ သူတို့ကမျှောပါပြီး  တွင်းထဲကျကုန်တာပေါ့၊ ရွံတွေရောဘာတွေရောပါသွားတော့ ရွံ့စေးဖြစ်သွားတာပေါ့”

ထိခိုက်သေဆုံးကြသူတွေဟာ အာရှကမ္ဘာမြေ ကုမ္ပဏီလက်အောက်ခံ Golden Star ကုမ္ပဏီက ရွှေတူးလုပ်သားတွေ အများဆုံးဖြစ်တယ်လို့ ကိုဖိုးဇော်က ပြောပါတယ်။

ဒဏ်ရာရသူတွေထဲက ၃ ဦးဟာ ကလောဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေပြီး၊ ဒဏ်ရာပြင်းထန်သူ ၅ ဦးကတော့ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှာ ဆေးကုသမှုခံယူနေကြပါတယ်။ အခုလို ကလောမြို့အနီးအနားမှာ မိုးသဲကြီးမဲကြီး ရွာသွန်းဖို့ရှိကြောင်း မိုးလေဝသနဲ့ ဇလဗေဒဌာနက ကြိုတင်သတင်း ထုတ်ပြန်မှုမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ကလောမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ် ဥက္ကဌ ဦးကိုကိုထွန်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။