ကလေး-တမူးလမ်း ပိတ်ထားလို့ ဒေသခံတွေ အခက်အခဲဖြစ်နေ

2022.11.21
Share on WhatsApp
Share on WhatsApp
ကလေး-တမူးလမ်း ပိတ်ထားလို့ ဒေသခံတွေ အခက်အခဲဖြစ်နေ ကလေးမြို့ လမ်းမတစ်နေရာကို ၂၀၂၁၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း ကလေး-တမူးလမ်းမကြီးကို ဒေသခံ PDF တွေဘက်က ပိတ်ပင် ထားတာကြောင့် တမူးမြို့မှာ ခရီးသည်တင်ကားတွေ ပိတ်မိနေသလို စက်သုံးဆီ ပြတ်လပ်ပြီး ကုန်ဈေးနှုန်းပါ မြင့်တက်လာတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ခမ်းပတ်မြို့ကနေ တမူးမြို့၊ တမူးကနေ ကလေးမြို့ကို ပြေးဆွဲနေတဲ့ ခရီးသည်တင် ကားတွေ တမူးမြို့မှာ ပိတ်မိနေသလို အဲဒီလမ်းကိုအသုံးပြုပြီး ကုန်ရောင်းကုန်၀ယ် လုပ်ကိုင်နေကြတဲ့ ဒေသခံတွေ အခက်အခဲ ဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တမူးဘက်မှာ ကုန်စျေးနှုန်းတွေက တက်လာတယ်။ ဆီစျေးကတက်တဲ့အပြင် ဝယ်လို့မရဘူး။ မိုးရေးဘက်ကလည်း ပိတ်ထားတော့ လမ်းက ကလေးလမ်းတစ်ခုပဲ ရှိတာ။ အခုတော့ ကလေးပါ ပိတ်ပြီဖြစ်တော့။ တော်တော်လေးဆိုးတယ်။ ခမ်းပတ်-တမူး-ကလေး ပြေးနေတဲ့ ကားတွေလည်း တမူးကမထွက်ရသေးဘူး။ ထောပတ်တို့၊ လိမ္မော်တို့လို ကုန်စိမ်းတွေတော့ ပုပ်ကုန်တော့တာ"

ကလေးမြို့နယ်မှာ စစ်ရေးတင်းမာနေတာကြောင့် ကလေး-တမူးလမ်းမကြီးကို နောက်ထပ် ခုနစ်ရက် မသွားလာဖို့ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့က နို၀င်ဘာလ ၂၀ ရက်မနေ့မှာ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နို၀င်ဘာလ ၁၃ ရက်နေ့ကတည်းက အဲဒီလမ်းမကြီးကို ဒေသခံပြည်သူတွေ ခုနစ်ရက် မဖြတ်သန်းဖို့ ကလေး PDF နဲ့ တမူး PDF က စာထုတ်ပြန်ထားတာဖြစ်ပြီး အခု ထပ်တိုးလိုက်တာပါ။

အဲဒီလမ်းမကြီးပေါ်ကို ဖြတ်သန်းသွားလာရင်း ဖြစ်လာနိုင်တဲ့ လုံခြုံရေးအန္တရာယ်တွေကို တာဝန်ယူ၊ တာဝန်ခံမှု မလုပ်ပေးနိုင်တာကြောင့် နောက်ဆက်တွဲ အကျိုးဆက်တွေကိုပါ သတိပြုကြဖို့လည်း ကလေး PDF က သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာလ ၁၅ ရက်နေ့က တမူးမြို့နယ်မှာရှိတဲ့ တမူး PDF စခန်း ခြောက်ခုကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် စွန့်လွတ်လိုက်ရတယ်လို့ တမူး PDF အဖွဲ့က ပြောပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ် နေကြာတိုက်အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။