ကလေးမြို့မှာ လက်နက်ကြီးကြောင့် ခုနစ်ဦး သေဆုံး

RFA Burmese
2024.02.26
ကလေးမြို့မှာ လက်နက်ကြီးကြောင့် ခုနစ်ဦး သေဆုံး ကလေးမြို့ ရပ်ကွက်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ ကင်းလှည့်နေသည်ကို တွေ့ရစဥ်။
Citizen Journalist

စစ်‌ကိုင်းတိုင်း ကလေးမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေပြီး ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၆ ရက်နေ့အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် ညနေ ခြောက်နာရီခန့်က ကလေးမြို့ ဆင်ရွာရပ်ကွက်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၆ နှစ်အရွယ် ဆလိုင်းသျှုမ်ကျူံးနှုန် ဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက နေအိမ်မှာပဲရှိနေစဉ် နေအိမ်ပေါ် လက်နက်ကြီးကျည်ကျပြီး ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၆ ရက်နေ့အထိ ခြောက်ရက်အတွင်း ကလေးမြို့ပေါ် ရပ်ကွက်တချို့မှာ လက်နက်ကြီးကျည် ထိမှန်သေဆုံးသူ ခုနစ်ယောက်ရှိတယ်လို့ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။

“၂၅ ရက်နေ့က တစ်ယောက် သေတယ်၊ တစ်ယောက် ဒဏ်ရာရတယ်။ အခုဆင်ရွာရပ်ကွက်မှာလည်း လူတွေ ဘေးလွတ်ရာကို ရှောင်ကုန်ကြတာ။ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကျလို့ နေအိမ်ပျက်စီးတာလည်း များတယ်။ ဒဏ်ရာရတာလည်း များတယ်။ သေဆုံးတာက အခုထိ ခုနှစ်ဦးရှိပြီ”

သေဆုံးသူအားလုံးဟာ ကလေးမြို့ပေါ် ရပ်ကွက်တွေကဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒဏ်ရာရသူတွေရဲ့ အခြေအနေ အသေးစိတ်ကိုတော့ အတိအကျ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ချင်းပြည်နယ် အစပ်မှာတည်ရှိတဲ့ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ကို ချင်းဒေသကာကွယ်ရေးတပ်တွေက ဖေဖော်ဝါရီ ၂၁ ရက်ကစလို့ ပူးပေါင်းတိုက်ခိုက်ရာကနေ စစ်ကောင်စီတပ်နဲ့ ဖေဖော်ဝါရီ ၂၆ ရက် ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ကလေးမြို့ပေါ်က ဒေသခံ ငါးထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ဟာ ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုကို ၂၀၂၁ ခုနှစ် ဧပြီလကတည်းက ချင်းရိုးရာ တူမီးသေနတ်နဲ့ အစောဆုံး လက်နက်ကိုင် ဆန့်ကျင်ခဲ့တဲ့မြို့ဖြစ်ပါတယ်။

အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလစာရင်းအရ ကလေးမြို့နယ်တစ်ခုလုံးမှာ လူဦးရေ သုံးသိန်းလေးသောင်းကျော်ရှိပြီး စုစုပေါင်း လူဦးရေရဲ့ တစ်ဝက်နီးပါးဖြစ်တဲ့ လူဦးရေ တစ်သိန်းခြောက်သောင်းကျော်ဟာ ချင်းတိုင်းရင်းသားတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။