ကလေးမြို့နယ်မှာ လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦးသေဆုံး
2023.09.29
စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းက ရွာတွေကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၉ ရက် ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အင်ဒိုင်းကုန်းရွာက အမျိုးသမီး တစ်ဦးသေဆုံးခဲ့သလို နောက်ထပ် အမျိုးသား တစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူက အသက် ၃၀ အရွယ် မပဲလှော်ဖြစ်ပြီး ဒဏ်ရာရခဲ့တဲ့ အမျိုးသားရဲ့ နာမည်နဲ့ အသက်တွေကိုတော့ မသိရသေးပါဘူး။
လက်နက်ကြီး ၁၀ လုံးကျော် ပစ်ခတ်တာမှာ သုံးလုံးက အင်ဒိုင်းကုန်းရွာထဲကို ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား သေဆုံးထိခိုက်မှုတွေရှိခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့က မနက်အစောပိုင်းကတည်းက ရမ်းသန်းပစ်ခတ်တာ လက်နက်ကြီးနဲ့ အကြိမ်ရေများတယ်။ အင်ဒိုင်းကုန်းရွာထဲကိုတော့ သုံးကြိမ်ကျတယ်။ အခုထိသွားတဲ့ သူတွေကတော့ သူတို့ရှိနေတဲ့ နေအိမ်အပေါ်တည့်တည့်ကို ကျလာတာ”
စက်တင်ဘာ ၂၈ ရက်ညပိုင်းကတော့ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးမြို့ တပ်ဦးသီတာရပ်ကွက်က အရပ်သား နှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့ကလည်း ကလေးမြို့နယ်တောင်ပိုင်း ရှားဖိုရွာထဲက နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်ထဲမှာရှိနေတဲ့ မိသားစုဝင် လေးဦးသေဆုံးပြီး ဒီမြင်ကွင်းကို မြင်တွေ့တဲ့ နောက်ထပ် မိသားစုဝင် အမျိုးသမီးလည်း နှလုံးရပ် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ကလေးမြို့နယ် တောင်းပိုင်းမှာ စစ်ရေးတင်းမာနေပြီး မြို့လှ၊ အင်းဒိုင်းကုန်း၊ မွန်ထာနဲ့ စက္ကန့် စတဲ့ရွာတွေက အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လကုန်အထိ ရှစ်လအတွင်း တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄၆၂ ဦး သေဆုံးပြီး၊ ၈၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။