ကမာရွတ်မြို့နယ်မှာ မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး
2024.12.01
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်၊ ရတနာမြိုင်လမ်းနဲ့ ဗဟိုလမ်းထောင့်က နေအိမ်တစ်လုံးမှာ မနေ့ညပိုင်းက မီးလောင်မှုဖြစ်ပြီးနောက် အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက RFA ကို ဒီဇင်ဘာလ ၁ ရက် ဒီနေ့ပြောပါတယ်။
မီးလောင်ကျွမ်းတဲ့နေအိမ်ကို ဒီဇင်ဘာ ၁ ရက် ဒီနေ့မနက်ပိုင်းက ရှင်းလင်းမှုတွေလုပ်နေချိန်မှာ မီးလောင်ပြီး သေဆုံးနေတဲ့ အမျိုးသားတစ်ဦးကို တွေ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူမှုကူညီရေးအဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“တစ်ယောက်ဆုံးတယ်လို့ မနက်ကမှ သိတာ။ အဲဒီ မီးလောင်ပြင်ကို ဒီမနက် ရှင်းတော့မှ အမျိုးသားအလောင်း တစ်လောင်းတွေ့တယ်။ ဘာကြောင့် မီးလောင်မှူဖြစ်တယ်ဆိုတာနဲ့ သေဆုံးသူရဲ့ အသေးစိတ်ကို မသိရသေးပါဘူး”
အဲဒီနေအိမ် မီးလောင်မှုကို ကမာရွတ်မြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ်တွေနဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က နိုဝင်ဘာလ ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပေမဲ့ လူသေဆုံးတဲ့အကြောင်း ဖော် ပြထားတာမရှိပါဘူး။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က ဒီဇင်ဘာ ၁ ရက် ဒီနေ့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
နိုဝင်ဘာ ၂၄ ရက်ကနေ ၃၀ ရက်နေ့အထိ တစ်ပတ်အတွင်း ရန်ကုန်တိုင်းက သန်လျင်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ သာကေတ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ကြည့်မြင်တိုင်နဲ့ ကမာရွတ်မြို့နယ်တွေမှာ မီးလောင်မှုဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။