ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံ ၈၀၀၀ နီးပါး ထွက်ပြေး

RFA Burmese
2023.08.30
ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံ ၈၀၀၀ နီးပါး ထွက်ပြေး စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းက ရွာတွေကို ဩဂုတ်လ ၃၀ ရက် ဒီကနေ့မနက်ပိုင်းကစလို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် အရပ်သား ၈၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းတွေကြောင့် တောင့်တဲကုန်း၊ ကိုးမြို့၊ ညောင်ဇင်ကြီး၊ ဖလုံချိုင်၊ သရက်ခေါင်း၊ သိုးဘိုး၊ ငါးရာနဲ၊ မင်းဘာနဲ့ လက်ခုပ်ကုန်း စတဲ့ရွာကိုးရွာက ဒေသခံတွေ ထွက်ပြေးနေရ တာပါ။

ဒီကနေ့ မိုးရွာနေတဲ့အတွက် အရပ်သားတွေဟာ မိုးထဲရေထဲ ပြေးလွှားနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"စစ်ကြောင်းက အခုမှစပြီး ထိုးတာဆိုတော့ ဘယ်လောက်ထိ ကြာမလဲဆိုတာ မသိရတော့ အတော်ဒုက္ခရောက်ကြတယ်။ အခုက မိုးကတည်း တအားရွာနေတော့၊ အပင်အောက် ခိုမရ၊ နွားလှည်းအောက် နေရမဖြစ်နေတာ။ နီးစပ်ရာရွာကို ရှောင်ဖို့ကြတော့လည်း သူတို့လည်းပဲ ပြေးနေရတော့ သွားလည်းမထူးတော့ဘူး၊ အခုတော့ ပါတဲ့အခင်းအစတွေနဲ့ပဲ မိုးလုံရုံလေး နေနေရတယ်"

ဒီမနက် ၉ နာရီကျော်မှာတော့ စစ်ကောင်စီတပ်က အင်အား ၁၀၀ နီးပါးနဲ့ သရက်ခေါင်း ရွာကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ရှစ်သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေး နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။