ကန့်ဘလူမှာ စစ်ကြောင်း ဝင်ရောက်စီးနင်းစဉ် သုံးဦး သေဆုံး၊ နေအိမ်နှစ်ရာနီးပါး မီးရှို့ခံရ

RFA Burmese
2024.07.29
ကန့်ဘလူမှာ စစ်ကြောင်း ဝင်ရောက်စီးနင်းစဉ် သုံးဦး သေဆုံး၊ နေအိမ်နှစ်ရာနီးပါး မီးရှို့ခံရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သရက်ခေါင်းရွာမှ မီးရှို့ခံရသည့် နေအိမ်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
Facebook/ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ရွာတချို့ကို စစ်ကောင်စီတပ် စစ်ကြောင်းတွေက ဝင်ရောက်စီးနင်း ပစ်ခတ်စဉ် အရပ်သားသုံးဦး သေဆုံးပြီး နေအိမ်နှစ်ရာနီးပါး မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၂၉ ရက်နေ့မှာ ပြောပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့မှာ သရက်ခေါင်းရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့ အင်အား ၁၂၀ ခန့်က ဝင်ရောက်စီးနင်းစဉ် ဒရုန်းနဲ့ ဗုန်းသီးချတိုက်ခိုက်လို့ အသက် ၇၅ နှစ်အရွယ် ဒေါ်ဝိုင်းရှင်နဲ့ သားဖြစ်သူ အသက် ၄၅ နှစ်အရွယ် ကိုသန့်ဇင်တို့ သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပြင် သရက်ခေါင်းရွာက နေအိမ် ၇၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့မှာပဲ အင်အား ခြောက်ဆယ်ခန့်ပါတဲ့ နောက်ထပ်စစ်ကြောင်းတစ်ခုက သပြေသာရွာကို ဝင်ရောက်စီးနင်းချိန် ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၆၂ နှစ်အရွယ် ဦးသောင်တင် လက်နက်ကြီးကျည်စ ထိမှန်သေဆုံးပြီး နောက်ထပ် အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် ဇူလိုင်လ ၂၇ ရက်နေ့မှာ ရှမ်းတပ်ရွာကို စစ်ကောင်စီတပ်က စီးနင်းပြီး နေအိမ် ၁၁၀ ခန့် မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့တုန်းက ကျီကုန်းရွာတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ပူးပေါင်းတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းတာတွေ လုပ်လာတာလို့ ဆိုပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က မဲသည်ရွာကို ဝင်ရောက်စီးနင်း မီးရှို့နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"ဒီမနက်မှာ မဲသည်ရွာကို ဝင်ပြီး ရွာ လေးဘက်လေးတန် မီးရှို့နေတယ်။ အခု စီးနင်းမီးရှို့ခံရတဲ့ရွာတွေက ကျီကုန်းရွာနဲ့ တော်တော်ဝေးတယ်။ အဲဒါကို ကာကွယ်ရေးတပ်တွေရှိမယ်အထင်နဲ့ စစ်ကြောင်းထိုးတာ"

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင် RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၂၆ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ငါးထောင်ကျော် (၅၄၅၃ ဦး) သေဆုံးခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးတာကြောင့် အရပ်သားနေအိမ် တစ်သိန်းနီးပါး (၉၅,၄၅၀ လုံး) ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မီးရှို့ဖျက်ဆီးခံရမှုတွေကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့က ဇူလိုင်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။