ကျွန်းလှမှာ စစ်ဘေးရှောင် ၇၀ ခန့်ဖမ်းဆီးခံရ

RFA Burmese
2023.05.26
Share on WhatsApp
Share on WhatsApp
ကျွန်းလှမှာ စစ်ဘေးရှောင် ၇၀ ခန့်ဖမ်းဆီးခံရ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်နေသောကြောင့် ထွက်ပြေးနေကြရသည့် ကျွန်းလှမြို့နယ်ထဲက ရွာသားများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ မေလ ၂၄ ရက်နေ့နဲ့ မေလ ၂၆ ရက်နေ့အတွင်းမှာ ဒေသခံ ၇၀ ခန့်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကျွန်းလှမြို့အနောက်ဘက်ခြမ်း သဖန်းဆိပ်ကျေးရွာအနီးက ဒေသခံတွေဟာ စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးရင်းနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အသေးစိတ်ကို မသိနိုင်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ ဒီမှာ စစ်ကြောင်းထိုးခံနေရတာဗျ။ မြို့အနောက်ဘက်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီးတော့ တဲမှာရှိတဲ့ ပစ္စည်းတွေကိုယူတယ်။ တဲမှာရှိတဲ့ ပြည်သူတွေကို ဖမ်းတယ်။ တဲတိုက်မှာ တိမ်းရှောင်နေတဲ့သူတွေကို ဖမ်းတာ။ တောထဲမှာ အလုပ်လုပ်နေရင်း တိမ်းရှောင်နေကြတာ"

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မေလ ၂၄ ရက်နေ့ မနက် ၈ နာရီမှာ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ကျေးရွာအနီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကို ထောက်ပံ့နေတဲ့ ရွှေဖောင် ၃၀၀ ကျော်ကို ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ ရေးသားဖော်ပြ ကြပါတယ်။

နောက်ပြီး PDF ၁၅ ဦးကို ဒီကျေးရွာအနီးမှာ သတ်ဖြတ်ခဲ့ပြီး ထောက်ပံ့နေသူ ၇၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရကို RFA က ဆက်သွယ်လို့ မရသေးပါဘူး။

လက်ရှိမှာ ကျွန်းလှမြို့နယ် ရွာ လေးရွာခန့်က ဒေသခံ ငါးထောင်ခန့် ထွက်ပြေး နေရတယ်လို့ ကိုယ်တိုင် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံက RFA ကို ပြောပါတယ်။ လုံခြုံရေး အခြေအနေနဲ့ ဆက်သွယ်ရေး အခြေအနေကြောင့် အခြေအနေအသေးစိတ်ကို RFA အနေနဲ့ ဆက်လက်မမေးမြန်းနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ဟာ ပျူစောထီးဆိုသူတွေအပါအဝင် အင်အား ၃၀၀ ဝန်းကျင်ရှိပြီး ကျွန်းလှမြို့နယ်ထဲကို မေလ ၂၁ ရက်နေ့ကစလို့ စစ်ကြောင်းသုံးကြောင်းထိုးနေတာလို့ ဒေသခံက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။