ကန့်ဘလူမှာ အရပ်သားသုံးဦး သတ်ဖြတ်ခံရ

RFA Burmese
2024.08.26
ကန့်ဘလူမှာ အရပ်သားသုံးဦး သတ်ဖြတ်ခံရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဥ်။
Facebook/ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ဘက် ဦးကင်းကြည် (တောင်) ရွာကို ဩဂုတ်လ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံသုံးဦးကို သတ်ဖြတ်ပြီး နေအိမ် တစ်ရာကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အင်အား ခုနစ်ဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ်က အသက် ၃၀ ဝန်းကျင်အရွယ် ကိုလှိုင်မင်း၊ ကိုနိုင်မင်းနဲ့ ကိုဇင်ကိုဦးတို့ကို သတ်ဖြတ်ပြီး ဦးကင်းကြည်(တောင်) ရွာကနေအိမ် ၁၃၀ ခန့် မီးရှို့ဖျက်ဆီးသွားတာပါ။

သတ်ဖြတ်ခံရသူတွေဟာ အရပ်သားတွေဖြစ်ပြီး အိမ်ခြေ ၁၅၀ နီးပါးရှိတဲ့ ဦးကင်းကြည် (တောင်) ရွာမှာ မီးရှို့ခံရလို့ နေအိမ် ၁၅ လုံးခန့်သာ ကျန်တော့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ

"အသတ်ခံရတဲ့သူ သုံးယောက်စလုံးက သာမန်အရပ်သားတွေပါ။ သူများတွေ ရှောင်နေတဲ့အချိန်မှာ မရှောင်ဘဲ ရွာထဲကျန်ရစ်ခဲ့လို့ အဲဒီလိုဖြစ်သွားတဲ့သဘောပါ။ ဦးကင်းကြည်ရွာက တောင်ရွာနဲ့ မြောက်ရွာဆိုပြီး ရှိတယ်။ တောင်ရွာမှာ အိမ်တွေကို မီးရှို့သွားတာ အိမ် ၁၅၀ လောက်ရှိတာ ၁၅ လုံးလောက်ပဲ ကျန်တော့တယ်"

စစ်ကြောင်းပြန်ထွက်သွားပြီးနောက် အသက် ၅၀ ဝန်းကျင် ဦးမောင်ငွေ ဆိုသူလည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

အင်အားနှစ်ရာကျော်ပါတဲ့ စစ်ကောင်စီတပ်ရဲ့ ရိက္ခာပို့စစ်ကြောင်းဟာ ဩဂုတ်လ ၁၈ ရက်နေ့ကတည်းက ချပ်သင်းစံပြကျေးရွာကို ရောက်လာပြီး အဲဒီအချိန်ကတည်းက ဦးကင်းကြည်ရွာအပါအဝင် အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာဆယ်ရွာထက်မနည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အာဏာသိမ်းသုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက နေအိမ်တစ်သိန်းနီးပါး (၉၅,၄၅၀ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက အရပ်သား (၅,၅၄၃ ဦး) သတ်ဖြတ်ခံရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။