ကနီမြို့နယ်က စာသင်ကျောင်း စစ်ရဟတ်ယာဉ်နဲ့ပစ်ခတ်ခံရကြောင်း PDF ပြော
2023.06.01

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ပေါက်အင်းမြိုင်ကျေးရွာမှာရှိတဲ့ အခြေခံပညာ မူလတန်းကျောင်းကို စစ်ကောင်စီတပ်က မေလ ၃၁ ရက် မနေ့က Mi – 35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ လူနေအိမ်တစ်လုံး ပျက်စီးသွားသလို ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ကနီမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အဲဒီစာသင်ကျောင်းမှာ PDF တွေရှိနေတယ်အထင်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်နိုင်ကြောင်း ကနီမြို့နယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်ကပြောပါတယ်။
"စစ်ကောင်စီက သူတိုတပ်စွဲလို့ရတဲ့ ရွာတွေမှာဆိုရင် စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ဓမ္မာရုံတွေမှာ တပ်စွဲနေကြတာဆိုတော့ သူတို့ မအုပ်ချုပ်နိုင်တဲ့ နေရာဒေသတွေမှာဆိုရင် သူတို့လို PDF တွေက စာသင်ကျောင်းတွေမှာ တပ်စွဲနေကြမယ်ဆိုတဲ့ အစွဲနဲ့ စာသင်ကျောင်းတွေကို အဓိကပစ်မှတ်ထား ပစ်ခတ်သွားတာပါ။ တိုက်ပွဲ မရှိဘဲ သူတို့သက်သက် ပစ်ခတ်သွားတာ၊ နာရီဝက်လောက်ကြာတယ်၊ စာသင်ကျောင်းနဲ့ စျေးရောင်းနေတဲ့ လူနေအိမ်တစ်လုံးတော့ ထိခိုက်ပျက်စီးပြီးသွားတယ်။ ကလေး နှစ်ယောက် ဒဏ်ရာရသွားတယ်"
ဒဏ်ရာရသွားတဲ့ ကလေးနှစ်ဦးရဲ့ ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။
အဲဒီ တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ တက်လာတာလို့ ဆိုပါတယ်။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။ ယခင်ကတော့ သူတို့အနေနဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်တာမရှိကြောင်း စစ်ကောင်စီက ပြောဆိုထားပါတယ်။
တိုက်ခိုက်ခံလိုက်ရတဲ့ ပေါက်အင်းမြိုင်ကျေးရွာဟာ ကနီမြို့ရဲ့အနောက်မြောက်ဘက်၊ မုံရွာ - ယာကြီး ကလေးဝလမ်း၊ အလောင်းတော် ကဿပတောင်ကို သွားတဲ့လမ်းရဲ့ မိုင်တိုင်အမှတ် ၂၈ အနီးကရွာ ဖြစ်ပါတယ်။
ကနီမြို့နယ်ဟာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ ဒေသတစ်ခု ဖြစ်တာကြောင့် စစ်ကောင်စီဘက်က အဲဒီဒေသကို ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံက အင်အားတွေသုံးပြီး နယ်မြေရှင်းလင်းရေးတွေလုပ်နေတာပါ။