ကနီ ထနောင်းပကားရွာမှာ ရွာလုံးကျွတ်ထွက်ပြေးနေရ

2021.08.18
ကနီ ထနောင်းပကားရွာမှာ ရွာလုံးကျွတ်ထွက်ပြေးနေရ စစ်ကိုင်းတိုင်း ကနီမြို့နယ် ထနောင်းပကားရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ချက်ပြုတ် စားသောက်သွားတာကို ၂၀၂၁ သြဂုတ် ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ထနောင်းပကားရွာမှာ စစ်ကောင်စီတပ်တွေက အင်အား ၉၀ ကျော်နဲ့ ဩဂုတ်လ ၁၇ ရက်နေ့ မနေ့ညနေပိုင်းက ဝင်ရောက်လာတာကြောင့် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကနီမြို့နဲ့ ၁၂ မိုင် အကွာမှာရှိတဲ့ ထနောင်းပကားရွာကို မနေ့က ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး ရွာသားတချို့ကို စစ်ဆေးမေးမြန်းတာမျိုးရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

"တစ်ရွာလုံးရဲ့ လူဦးရေက သုံးထောင်‌ကျော်၊ လေးထောင်နီးပါးရှိတယ်။ အဲဒီလူတွေက အကုန်လုံးနီးပါး ထွက်သွားရတာပေါ့။ မနေ့ညကဆို တိမ်းရှောင်နေတဲ့ ကျွန်တော်တို့ရွာသားတွေ မိုးတွေရွာတော့ ဒုက္ခ ရောက်တယ် အနေဆင်းရဲ၊ အစားဆင်းရဲ"

အဲဒီရွာက ဒေသခံ ၄၀၀၀ ခန့်မှာ အကုန်လုံးနီးပါး တိမ်းရှောင်ထွက်ပြေးခဲ့ရပြီး သက်ကြီးရွယ်အိုနဲ့ မပြေးနိုင်တဲ့ လူတချို့ကို လူစောင့်တွေနဲ့အတူ ထားခဲ့ရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရွာမှာ ညအိပ်စခန်းချခဲ့ပြီး လူမရှိတဲ့အိမ်တွေက တံခါးသော့တွေဖျက်ပြီး ချက်ပြုတ် စားသောက်သွားတာမျိုးတော့ရှိတယ်လို့ ဆိုပါတယ်။

ဒီနေ့ဩဂုတ်လ ၁၈ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ အဖွဲ့ ၃ ဖွဲ့ခန့်ခွဲပြီး ရွာကနေ တောနင်းပြီး ပြန်ထွက်သွား ပြီလို့ သိရပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာခံတချို့ကတော့ နေ့လယ် ၂ နာရီဝန်းကျင်အထိ သူတို့ရွာ ကို ပြန်မလာရဲသေးဘဲ ဆက်ပြီးထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကနီမြို့နယ်ထဲက ဒီထနောင်းပကားကျေးရွာကို စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေ ဝင်ရောက်ခဲ့တာဟာ ဒါနဲ့ဆို ၃ ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။ ရွာကထွက်ခွာသွားတဲ့ စစ်သားတွေဟာ ရွာနဲ့မလှမ်းမကမ်းမှာရှိတဲ့ တိုက်နယ်ဆေးရုံ တစ်ရုံနဲ့ ကျောင်းတစ်ကျောင်းမှာ ဆက်လက်စခန်းချနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။