စစ်ကောင်စီစစ်ကြောင်းကြောင့် ကနီဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရ
2023.08.26

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာလို့ စစ်ကိုင်းတိုင်း ကနီမြို့နယ် ကျေးရွာ ကိုးရွာက ဒေသခံ ငါးထောင်ကျော် ဩဂုတ်လ ၂၅ ရက်နေ့က ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျောက်မှော်ရွာနဲ့ ပရိမ်ပြင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကနီမြို့ နယ်စပ် ကျေးရွာတွေကို ဝင်ရောက်လာလို့ ကျေးရွာဒေသခံတွေ ညတွင်းချင်းပဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကနီမြို့နယ်ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဝင်ရောက်လာတာလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်ကြားကို သူတို့က ကာထားသလို ပုံစံမျိုးပဲ စစ်ကြောင်းက ထိုးနေတာ။ ကနီမြို့နယ်ထဲကို တော်တော်ကြီးကို ပါနေပြီ။ စစ်ကောင်စီက သစ်တွေသယ်တယ်။ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်ကြားမှာ တောက်လျောက်ဖြန့်ပြီး စစ်ကြောင်းထိုးနေတယ်။ ကနီမြို့နယ်ထဲ ထိုးလိုက် နောက်ကို ပြန်ခေါက်သွားလိုက်ပေါ့။ ထိတွေ့မှုကလည်း နေ့တိုင်းဆိုသလို ရှိတယ်။ သူတို့က ကုန်းကြောင်းရော ရေကြောင်းကရော စစ်ကြောင်းစထိုးပြီး သစ်တွေသယ်တယ် ”
ကနီမြို့နယ်မှာ ဩဂုတ်လ ခြောက်ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေအကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတာလို့ သိရပါတယ်။
လက်ရှိစစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးနားရှိတဲ့ ယင်းပိုးရွာ၊ နွားခြံကုန်းရွာ ၊ ကျွန်းကလေး၊ ယင်းဘိုး ၊ ဒေါင်းခြံ ၊ နတ်လာပို့တောင်ရွာအုပ်စုကျေးရွာက ဒေသခံတွေ စစ်ဘေးရှောင်နေရတာ ဖြစ်ပါတယ်။
စစ်ဘေးတိမ်းရှောင်နေရသူတွေဟာ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ နေထိုင်နေရပြီး ဒီရက်ပိုင်းအတွင်း ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ် နှစ်ခုပေါင်း ဒုက္ခသည် ၁၂ဝဝဝ ကျော် ရှိနေပြီလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။