တရုတ်နယ်စပ်က ကန်ပိုက်တီမြို့ကို KIA သိမ်းယူ

RFA Burmese
2024.11.20
တရုတ်နယ်စပ်က ကန်ပိုက်တီမြို့ကို KIA သိမ်းယူ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် တည်ရှိရာ ကန်ပိုက်တီမြို့ ကုန်သွယ်ရေးစခန်းကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။
RFA

တရုတ်နိုင်ငံနယ်စပ်က ကချင်ပြည်နယ် ကန်ပိုက်တီမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်တွေ ဒီနေ့ည ၇ နာရီဝန်းကျင်က အပြီးသိမ်းယူခဲ့ကြောင်း ဒေသခံတွေနဲ့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကန်ပိုက်တီမြို့ကို နိုဝင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ည ၇ နာရီဝန်းကျင်မှာ အပြီးသိမ်းနိုင်ခဲ့တာလို့ ကန်ပိုက်တီ ဒေသခံတစ်ဦးက ပြောပါတယ်။

“ညနေပိုင်းမှာသိမ်းပြီးပြီ။ အခုက အကုန် တိတ်ဆိတ်နေပြီ။ စစ်ကောင်စီ စစ်သားတွေကလည်း နယ်စပ်ခြံစည်းရိုးဘက်ပြေးသွားတာတော့ တွေ့လိုက်တယ်။ တရုတ်တွေဘက်ပြေးသွားတာဖြစ်နိုင်တယ်။ သိမ်းပြီးတော့ လေယာဉ်နဲ့လည်းလာပစ်သွားတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေကလည်း ဒီနေ့နေ့လယ်ကတည်းက နယ်စပ်ဝင်ပေါက် လိုင်းဂေါင်းကနေ တရုတ်ဘက်ထွက်ပြေးသွားတာရှိတယ်”

အမည်မဖော်လိုတဲ့ KIA အရာရှိတစ်ဦးကလည်း ကန်ပိုက်တီမြို့ကို ဒီနေ့ ၇ နာရီလောက်မှာ အပြီးသိမ်းနိုင်တာဖြစ်ပြီး ကန်ပိုင်တီ သိမ်းပြီးနောက် ကန်ပိုက်တီမြို့နဲ့ အင်ဂွမ်လက တပ်မဟာ(၁)နဲ့ တပ်မဟာ (၁) အောက်က တပ်ရင်း(၇)နယ်မြေတွေကို စစ်ကောင်စီက လေကြောင်းနဲ့ ပစ်ခတ်သွားတယ်လို့ ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲအတွက် နှစ်ဖက် ထိခိုက်သေဆုံးမှုအရေအတွက်ကိုတော့ RFA က အတည်ပြုနိုင်တာမရှိသေးပါ။

ကန်ပိုက်တီမြို့ဟာ တရားဝင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ရှိတဲ့မြို့ဖြစ်ပြီး ကချင်ပြည်နယ်မှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တစ်ခုတည်းကျန်တဲ့ နယ်စပ်ဂိတ်လည်း ဖြစ်ပါတယ်။

တိုက်ပွဲအခြေအတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ KIA သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရပါဘူး။

ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ(၁)ဒေသဖြစ်တဲ့ ချီဖွေ၊ ဆော့်လော်၊ ပန်ဝါ၊ ကန်ပိုက်တီဒေသတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာလကုန်းပိုင်းကစပြီး တိုက်ခိုက် သိမ်းပိုက်ခဲ့တာတာပြီး ကန်ပိုက်တီမြို့က ကချင်အထူးဒေသ(၁)က နောက်ဆုံးကျန်တဲ့ မြို့လည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။