ကန့်ဘလူဒေသခံ သုံးဦး ဖမ်းဆီးသတ်ဖြတ်ခံရ

RFA Burmese
2023.08.30
ကန့်ဘလူဒေသခံ သုံးဦး ဖမ်းဆီးသတ်ဖြတ်ခံရ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရသူများအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။
ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေပါတဲ့ စစ်ကြောင်းဟာ စိတ်ကျန်းမာရေးမကောင်းသူ တစ်ဦးအပါအဝင် ဒေသခံသုံးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဩဂုတ်လ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ လေးရက်အတွင်း ရွာသစ်ကျေးရွာနဲ့ ဆီဆုံရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေပါတဲ့ စစ်ကြောင်းဟာ လေးရက်ကြာဝင်ရောက်တပ်စွဲခဲ့ပြီး စိတ်ကျန်းမာရေးမကောင်းတဲ့ ဆီဆုံကျေးရွာက ကိုနိုင်ဝင်းအောင်၊ ရွာသစ်ကျေးရွာက ဦးမောင်လွင်နဲ့ ဦးထွန်းအောင်တို့ သုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။

အဲဒီစစ်ကောင်စီစစ်ကြောင်းက နေအိမ်တွေကို မီးရှို့နေသလို ဒေသခံတွေလည်း ဖမ်းဆီးသတ်ဖြတ်ခံနေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိစစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်က သရက်ခေါင်း ဘုန်းကြီးကျောင်းမှာပဲ တပ်စွဲထားတာကြောင့် ရွာ ၁၄ ရွာက ဒေသခံနှစ်သောင်းကျော်ဟာ နီးစပ်ရာရွာတွေ၊ တောတွေမှာ ရှောင်တိမ်းနေရပြီး စားနပ်ရိက္ခာ လိုအပ်နေတယ်လို့လည်း သူက ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်လာတဲ့ ၂ဝ၂၂ ခုနှစ်ကစလို့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၁၅ဝဝဝ ကျော်ရှိပါတယ်။ ဒါ့အပြင် ရွာထဲ စစ်ကြောင်းတွေလာရင် နီးစပ်ရာကို ထွက်ပြေးပြီး စစ်ကြောင်းထွက်သွားရင် ရွာပြန်လိုက်နဲ့ မကြာခဏ စစ်ရှောင်နေရတဲ့ ဒုက္ခသည်က နှစ်သောင်းကျော်ရှိတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများစာရင်းအရ သိရပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူ တိုင်းသယံဇာတဝန်ကြီး ဦးတင်သန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက ဒေသခံ ရှစ်သိန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။