ကန့်ဘလူမှာ စစ်ကြောင်းကြောင့် လူတစ်သောင်းကျော် ထွက်ပြေးနေရ
2024.07.26
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဇူလိုင်လ ၂၅ ရက် မနေ့ကစလို့ စစ်ကောင်စီတပ်အင်အား ၁၅၀ ခန့်က ရွာတွေထဲ စီးနင်းနေတာကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ကန့်ဘလူဒေသခံတွေက ပြောပါတယ်။
မနေ့ကစလို့ ကျီကုန်းရွာအပါအဝင် ညောင်ပင်ဆိပ်၊ သရက်ခေါင်း၊ သပြေသာ၊ လက်ခုပ်ကုန်း၊ ကိုးမြို့၊ ရင်ငတ်ကုန်း၊ ဖလုံချိုင်၊ ကာဘိုး စတဲ့ရွာတွေက ပြည်သူတစ်သောင်းကျော် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင် ဇူလိုင်လ ၂၄ ရက်တုန်းက ကျီကုန်းရွာတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ပူးပေါင်းတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ပြီးနောက် အခုလို စစ်ကြောင်းထိုးလာတာပါ။
ကျီကုန်းရွာတံတား စစ်ကောင်စီစခန်း တိုက်ခိုက်မှုမှာ စစ်ကောင်စီနဲ့ ပျူစောထီး ၁၆ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပေမဲ့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
စခန်းတိုက်ခိုက်ခံရပြီးနောက် ကန့်ဘလူအခြေစိုက် ၆၀၀၆ တပ်ရင်းက စစ်ကောင်စီအင်အား ၁၅၀ ခန့်ဟာ ကျီကုန်းရွာအနားက ရွာတွေမှာ စစ်ကြောင်းထိုးနေပြီး ဇူလိုင် ၂၆ ရက် ဒီနေ့မနက်ပိုင်းမှာ သရက်ခေါင်းရွာထဲ မီးရှို့နေတယ်လို့ ကန့်ဘလူအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ကျီကုန်းတံတားစခန်းတိုက်ခံရပြီး သူတို့ (စစ်ကောင်စီ) က စစ်ကြောင်းစထိုးတာပေါ့။ သရက်ခေါင်းရွာမှာတပ်စွဲပြီး ဒီနေ့မနက် အိမ်တွေကို မီးရှို့နေတယ်။ အခု တော်လှန်ရေးအဖွဲ့တွေ အခြေအနေ စောင့်ကြည့်နေတယ်”
သပြေသာရွာနဲ့ သရက်ခေါင်းရွာမှာ လက်နက်ကြီးနဲ့ ဒရုန်းဗုံးကြောင့် အရပ်သားသုံးဦးသေဆုံးခဲ့ပြီး အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။