နန်းမယ်ခုံမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှု တစ်ဦးသေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ

RFA Burmese
2024.09.05
နန်းမယ်ခုံမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှု တစ်ဦးသေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအား တွေ့ရစဥ်။
Citizen Photo

ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့မှာ စက်တင်ဘာ ၅ ရက် ဒီနေ့မနက်က စစ်ကောင်စီရဲ့လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဒီနေ့မနက် ဆယ်နာရီခန့်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ပေါင်ငါးရာဗုံး နှစ်လုံးကို နန်းမယ်ခုံမြို့ထဲ ကြဲချတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားတာလို့ ဆိုပါတယ်။

လူသေဆုံးမှုအပြင် နေအိမ်အဆောက်အအုံတချို့လည်း ပျက်စီးသွားတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။

“ဒီမနက် ဆယ်နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီကတော့ နှစ်နေရာကို ဗုံးကြဲ တိုက်ခိုက်ပြီးတော့မှ တချို့အဆောက်အအုံတွေ ပျက်စီးတာရှိတယ်။ လူတစ်ဦး သေဆုံးပြီးတော့မှ ခုနစ်ဦး ဒဏ်ရာရရှိတာ ရှိပါတယ်။ ဒဏ်ရာရတဲ့သူတွေမှာလည်း ဒဏ်ရာပြင်းထန်တဲ့သူတွေ ပါတယ်”

သေဆုံးသူနဲ့ ထိခိုက်သူတွေရဲ့ အသေးစိတ် အခြေအနေကိုတော့ လုံခြုံရေးအရ ဖြေကြားဖို့ မဖြစ်နိုင်သေးတဲ့အကြောင်း သူက ပြောပါတယ်။

အခုမနက် လေကြောင်းတိုက်ခိုက်တဲ့နေရာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့ကြားက တချို့နေရာတွေမှာ တိုက်ပွဲဖြစ်နေတာတွေ ရှိတယ်လို့ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒီးမော့ဆို ဒေသခံတစ်ဦးကတော့ နန်းမယ်ခုံမြို့က ကရင်နီ ရဲတပ်ဖွဲ့ရုံး ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ရဲမေတစ်ဦးသေဆုံးပြီး ရဲတပ်သားခုနစ်ဦး ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

လွိုင်ကော်မြို့ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက်တင်ဘာ ၄ ရက် မနေ့က ရောက်နေချိန် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) ရဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကယားပြည်နယ် (ကရင်နီပြည်) မှာ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သားငါးရာကျော် (၅၁၅) ဦး သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။