ကြာအင်းဆိပ်ကြီးနဲ့ မြဝတီမှာ တိုက်ပွဲပြင်းထန်
2023.11.02
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ မြဝတီမြို့နယ်တွေမှာ နိုဝင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ တိုက်ခိုက်မှုမှာပါဝင်နေတဲ့ တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့ပေါ်က စစ်ကောင်စီတပ်ရဲ့ ကွီးလုံတိုင်တပ်စခန်းနဲ့ မြ၀တီမြို့နယ်က ကနဲလေး စစ်ကောင်စီတပ်စခန်းတို့ တိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့ညနေပိုင်းထိ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ကြာအင်းဆိပ်ကြီးကတော့ မြို့တွင်းတိုက်ပွဲပုံစံပေါ့။ ကော့ကရိတ် မြဝတီဘက်ခြမ်းက ဒရုန်းနဲ့ သွားချကြတာ။ အကျအဆုံးကတော့ ဟိုဘက် ဒီဘက်ရှိတာပေါ့"
ကြာအင်းဆိပ်ကြီး မြို့လယ်က စာသင်ကျောင်းအနီးမှာလည်း အရပ်သားတချို့ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ လက်နက်ကြီး ပစ်ခတ်မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ KNU ပြောခွင့်ရ ပဒိုစောကလယ်စေးနဲ့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိသေးပါဘူး။
အောက်တိုဘာလ ၂၇ ရက်နဲ့ ၂၈ နေ့တွေမှာတော့ ကော့ကရိတ်မြို့နယ်ထဲက စစ်ကောင်စီရဲ့ ဂိတ်စခန်း နေရာ ၂၀ ကို ဒရုန်းတပ်ဖွဲ့ Kloud နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့ Kloud က နိုဝင်ဘာ ၂ ရက်မှာပဲ ထုတ်ပြန်ထားပါတယ်။