ကော့ကရိတ်တိုက်ပွဲ အနည်းဆုံးတစ်ဦး သေဆုံး

RFA Burmese
2023.04.06
ကော့ကရိတ်တိုက်ပွဲ အနည်းဆုံးတစ်ဦး သေဆုံး ၂ဝ၂၃ ခုနှစ် ဧပြီလ ၅ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်အနီး တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ထွက်ပြေးလာကြသူများ။
Citizen Journalist

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တွေ ဆက်လက်ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တိုက်ပွဲမရှိတဲ့ဘက်ကို စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ အနည်းဆုံး လူတယောက်သေဆုံးပြီး လူနေအိမ်တွေ ကျည်ထိမှန် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့က စစ်ကောင်စီဌာနဆိုင်ရာ ရုံးကုန်းမှာ စစ်ကောင်စီ တပ်မ ၂၂ လက်အောက်ခံ စစ်ကူစစ်ကြောင်းနဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်တွေ ဧပြီ ၅ ရက်နဲ့ ၆ ရက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်တာဖြစ်ပြီး မြို့ပြင်က တိုက်ပွဲမဖြစ်ပွားတဲ့ နေရာတွေကို နေပူခံကုန်းကနေ ခလရ (၉၇) က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ အနည်းဆုံး အရပ်သားတယောက် သေဆုံးပြီး နေအိမ်တွေပျက်စီးရတယ်လို့ ခနိမ်းမူရွာသားတယောက်က ပြောပါတယ်။

“မနေ့ကစပြီး ပစ်နေတာ။ အမှတ် ၇ ရပ်ကွက် တံတားဦးအပိုင်းမှာ လက်နက်ကြီးအစထိပြီး ဒေါ်ဝင်းသန်း ၅၆ နှစ် ဆုံးတယ်။ တတန်ကူးရွာဘက် အိမ်တွေ ထိတယ်၊ ၉၇ တပ်က မြို့အစပ်ရွာတွေဘက် လှည့်ပစ်နေတာဆိုတော့ ဘယ်သူမှ မနေရဲ၊ နေကြသူလည်း အပြင်မထွက်ရဲကြဘဲ ဖြစ်နေတယ်"

ကော့ကရိတ်မြို့ပေါ်က ရပ်ကွက် ၇ ခုမှာ စစ်တပ်၊ ရဲ့ နဲ့ BGF၊ ပြည်သူ့စစ်တပ်ဖွဲ့တွေကင်းလှည့်နေပြီး သူတို့အပြင် ရုံးကုန်းထိပ် အမှတ်(၃) စစ်တပ်စစ်ဆေးရေးဂိတ်ကနေ သေနတ်နဲ့ ပစ်ခတ်နေလို့ လူတွေ အိမ်ပြင်မထွက်ရဲကြဘဲ ကျေးရွာတွေဘက် သွားလာလို့ မရဘူးလို့လည်း ပြောပါတယ်။

“ကျွန်တော်တို့က အပြင်မထွက်ရဲဘူး၊ အလုံးကြီး ပစ်ထုတ်တာလေ၊ အိမ်ဝန်းကျင်တွေပဲကျတယ် ၊ ရပ်ကွက်ထဲကလူတချို့ ထိတဲ့လူ ထိတယ်။ တံတားဦးဘက် သစ်စက်ဘက်အခြမ်း ဝါဆိုဦးလမ်းဘက်က စစ်တပ်သွားတာ မြင်တယ်။ ပစ်ပစ်ချင်းလေ ကျည်ဆန်အသေးလေးတွေက ကျွန်တော်တို့ ခနိမ်းမူအထိတောင် ရောက်တယ်။ အိမ်ဘေးနားက ဖြတ်သွားတယ်။ အခုလည်း အလုံးကြီးတွေ ပစ်ထုတ်နေတယ်။ အခုဆိုရင် ဘုန်းကြီးကျောင်းဝင်း နားမှာကျ၊ ရပ်ကွက်ထဲတွေမှာ ကျတယ်။ နောက် ကျွန်တော်တို့ ဒီစိုက်ပျိုးရေးလမ်းမှာကျတယ်။ နေပူခံကုန်းကနေ ပစ်ထုတ်နေတာ မိုးလေဝဿကုန်းဘက်ကိုတော့ မကျနိုင်ဘူး။ ဘာလို့လဲဆိုတော့ မိုးလေဝဿကုန်းမှာက BGF တွေရှိတယ် ၊ ဝါဆိုဦးကျောင်း ဘက်ကိုပဲ ဆက်တိုက်ကျနေတာ။ အဲ့ဘက်ကလူတွေလည်း အပြင်မထွက်ရဲဘူး။ ရွာဘက်က လူတွေလည်း အထဲမဝင်ရဲဘူး။ အကုန်လုံးက ကိုယ့်အိမ်မှာပဲ ကိုယ်နေနေကြတာပေါ့။ ခါတိုင်းနေ့တွေကျတော့ မြို့ထဲမှာ သွားသွားလာလာ တွေရှိပါတယ်။ တချို့ကတော့ သိပ်စိတ်မပူဘူးပေါ့။ အခုစိတ်ပူတာကတော့ ခနိမ်းမူ၊ တံတားဦး၊ တံတားဦးဘက်မှာလည်း တချို့အလုံးကြီးတွေ အိမ်ပေါ်ကျတာတွေရှိတယ် ။ ခနိမ်းမူဘက်လည်း ကျတယ်။ ကျတယ်ဆိုတာက စစ်တပ်ဘက်က ပစ်ချလိုက်တဲ့ဟာတွေကြီးပဲ"

ကရင်ပြည်နယ် မြဝတီမြို့ အပြင်ဘက် မဲကနယ်ကျေးရွာ၊ ရွှေကုက္ကိုမြို့သစ်၊ ဝေါလေမြိုင်မြို့သစ် အထက်ပိုင်းကနဲလေးဒေသ၊ ကော့ကရိတ် ရုံးကုန်းနေရာတွေမှာ စစ်ကောင်စီတပ်၊ BGF ကရင်နယ်ခြားစောင့်တပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ပူးပေါင်းတပ်မှာ KNU/KNLA ပူးပေါင်းတပ်ဖွဲ့၊ Cobra Column ကော်ပရာစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Lion ဗျူဟာစစ်ကြောင်း၊ နဂါးနီစစ်ကြောင်းတပ်ဖွဲ့တွေပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။