ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ KHRG အစီရင်ခံစာထုတ်ပြန်

RFA Burmese
2023.06.16
ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ KHRG အစီရင်ခံစာထုတ်ပြန် ညောင်လေးပင်ခရိုင် မူးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ကရင်ပြည်နယ်က အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီတပ်ဖွဲ့တွေ ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်အောင်နဲ့ စစ်ဆေးအရေးယူ အပြစ်ပေးဖို့ နိုင်ငံတကာကို ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က တောင်းဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ကိုဘာကြောင့် ပစ်မှတ်ထားရတာလဲ- မြန်မာစစ်တပ်မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများအပေါ် ပစ်မှတ်ထားအကြမ်းဖက်မှုပုံစံများကို ဖော်ထုတ်ခြင်း” လို့ ခေါင်းစဉ်တပ်ထားတဲ့ အစီရင်ခံစာကို ဇွန်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပြီး တောင်းဆိုလိုက်တာဖြစ်ပါတယ်။

KHRG ပြောရေးဆိုခွင့်ရှိသူ ကိုစောနန္ဒဆူးက “ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ ခုလုံးက အပြစ်မဲ့ပြည်သူတွေ ကြုံရတာတွေကို ဖော်ပြထားတာပါ။ အပြစ်မဲ့ပြည်သူတွေက လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ အမြဲတမ်းပဲ ဘာမှမဆီမဆိုင်ဘဲ သတ်ဖြတ်ခံရတာမျိုးတွေ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်ကြုံတွေ့နေရတယ်။ ဒါတွေက စစ်အာဏာရှင်တို့ရဲ့ ခေတ်အဆက်ဆက်ကျူးလွန်ခဲ့တဲ့ ပုံစံတွေဖြစ်တယ်။ ဒါတွေကို အဆုံးသတ်ဖို့၊ ကျူးလွန်ခံရတဲ့ပြည်သူတွေအတွက် တရားမျှတမှုရဖို့ ထုတ်ပြန်ရေးသားတာဖြစ်တယ်။” လို့ ပြောပါတယ်။

အဲဒီအစီရင်ခံစာမှာ ၂ဝ၂၁ စစ်တပ် အာဏာသိမ်းတဲ့အချိန်ကစပြီး အရပ်သားတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက သတ်ဖြတ်တာ၊ ဖမ်းဆီးတာ၊ လေကြောင်းကနေ တိုက်ခိုက်တာ၊ ဖျက်ဆီးလုယူတာတွေကို ဖော်ပြထားပါတယ်။

အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဖို့၊ အာဆီယံအဖွဲ့ဝင်အဖြစ်က ဆိုင်းငံ့ထားဖို့၊ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့၊ ဒုက္ခသည်တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖော်ထုတ်တင်ပြတဲ့ အဖွဲ့အစည်းတွေကို ပိုမိုပံ့ပိုးကူညီဖို့ စတဲ့အချက်တွေကို တောင်းဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို လေယာဉ်လောင်စာဆီနဲ့ လက်နက်တင်သွင်းရောင်းချတာတွေ၊ ထောက်လှမ်းရေးနည်းပညာနဲ့ လုံခြုံရေးဆိုင်ရာကိရိယာတင်သွင်းတာတွေ ရပ်တန့်သွားအောင် လက်တွေ့ဆောင်ရွက်ဖို့လည်း ကရင်လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

KHRG အစီရင်ခံစာနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဖုန်းခေါ်ဆိုခဲ့ပေမဲ့ ဆက်သွယ်လို့မရပါဘူး။

စစ်ကောင်စီတပ်တွေက အရပ်သားတွေကို ထိခိုက်အောင်လုပ်စရာအကြောင်းမရှိဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အရင်က ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။