လေးကေ့ကော် အမြောက်ကုန်းစစ်စခန်းမကျရေး စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲ

RFA Burmese
2024.09.30
လေးကေ့ကော် အမြောက်ကုန်းစစ်စခန်းမကျရေး စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်တွင် ၂ဝ၂၂ ခုနှစ် ဧပြီလ ၁ဝ ရက်နေ့က တိုက်ပွဲဖြစ်ပွားနေသည့် မြင်ကွင်းတစ်ခု။
Citizen Photo

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီစွယ်တော် အမြောက်ကုန်း စစ်စခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေပြီး စခန်းမကျဖို့ စစ်ကောင်စီက လေကြောင်းက ဗုံးဆက်တိုက်ကြဲနေတယ်လို့ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။

စစ်ကောင်စီနဲ့ KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နဲ့ မဟာမိတ် PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား စက်တင်ဘာ ၂၉ ရက်နဲ့ ၃ဝ ရက်နေ့တွေမှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေတာပါ။

KNLA မဟာမိတ်တပ်တွေက ဒရုန်းနဲ့တိုက်ခိုက်ချိန်မှာ စွယ်တော်အမြောက်ကုန်း စခန်းက လက်နက်တိုက်နဲ့ ဘန်ကာမီးလောင်သွားပြီး စက်တင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းကစပြီး ညပိုင်းထိ စစ်ကောင်စီက တစ်ကြိမ်ကို ရုရှားလုပ် MIG 29 ဂျက် တိုက်လေယာဉ်နဲ့ တရုတ်လုပ် Y12 တိုက်လေယာဉ် နှစ်စင်းနဲ့ အကြိမ်ကြိမ် ဗုံးကြဲတယ်လို့ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တာဝန်ရှိသူတစ်ယောက်က ဆိုပါတယ်။

Y12 လေယာဉ်ကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေက လေယာဉ်ပစ်စက်သေနတ်နဲ့ ပစ်ခတ်တာထိမှန်တယ်လို့ ပြောပေမဲ့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သးပါဘူး။

တိုက်ပွဲဖြစ်ပွားသံတွေကိုထိုင်း မြန်မာနယ်စပ်မဲဆောက်ကရော မြဝတီမြို့ကပါ ကြားနေရပြီး လေကြောင်းက ဗုံးကြဲရုံမက ခလရ ၂၇၅ တပ်က ဟောင်ဝစ်ဇာအမြောက်နဲ့ မြေပြင်ကပစ်ကူပေးနေတယ်လို့လည်း မြဝတီမြို့ခံ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။

တိုက်ပွဲအခြေအနေကို စစ်ကောင်စီတပ်သတင်းပြန်ကြားရေးဌာနနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

ကရင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မင်းသူကျော်ကို ဆက်သွယ်ပေမဲ့ တယ်လီဖုန်း လက်ခံမဖြေဆိုပါဘူး။

လေးကေ့‌ကော်အပြင် မြဝတီ-အာရှလမ်းသစ်လမ်းပိုင်းမှာလည်း စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးတပ်တွေကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေလို့ တိုက်ပွဲ တွေ နေ့တိုင်းဖြစ်နေပါတယ်။

ကော့ကရိတ်အခြေစိုက် လှိုင်ဝအမြောက်ကုန်းနဲ့ ခလရ ၉၇ စစ်တပ်က အတွဲလိုက်ပစ်ဒုံးလက်နက်ကြီးတွေ ပစ်ကူပေးပြီး အာရှလမ်းသစ် ပြန်ဖွင့်နိုင်ဖို့ စစ်ကောင်စီတပ်က စစ်ရေးအရှိန်မြှင့် ဆက်လက်တိုက်ခိုက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။