ဖာပွန်က စစ်ကောင်စီ ခမရ (၄၃၄) ကို KNLA ပူးပေါင်းတပ်တွေ သိမ်းယူ
2024.04.25
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က စစ်ကောင်စီရဲ့ ခမရ (၄၃၄) တပ်ရင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းယူခဲ့တယ်လို့ KNU တပ်မဟာ (၅) က ဧပြီလ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောပေမယ့် စာရင်းအတိအကျကိုတော့ မဖော်ပြထားပါဘူး။
ဒီတပ်ရင်း အသိမ်းခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မတ်လ ၂၈ ရက်နေ့ကစပြီး ဖာပွန်မြို့ကို KNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတာပါ။
ဖာပွန်မြို့ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ လှုပ်ရှားရာဒေသဖြစ်သလို စစ်ကောင်စီရဲ့ စစ်ဗျူဟာအခြေချ (စဗခ) တစ်ခုရှိပြီး ခလရ (၁၉)၊ ခမရ (၃၄၀)၊ ခမရ (၃၄၁) နဲ့ ခမရ (၄၃၄) တပ်ရင်းတွေလည်း ရှိပါတယ်။
မတ်လအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် ကိုးဦး သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ ၅ က ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မတ်လအတွင်း တိုက်ပွဲတွေကြောင့် တပ်မဟာ ၅ နယ်မြေမှာ အရပ်သား တစ်ထောင့်ခြောက်ရာကျော် (၁,၆၂၄ ဦး) ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့် နှစ်ဦးအပါအဝင် ၄၂ ဦးသေဆုံးခဲ့ပြီး ၅၅ ဦး ထိခိုက်ဒဏ်ရာရသလို KNU ဘက်ကလည်း ရှစ်ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီနဲ့ KNU တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့ အရေအတွက်ကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။