မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးဘက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဆက်ပစ်ခတ်နေ

RFA Burmese
2023.03.28
မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးဘက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဆက်ပစ်ခတ်နေ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အနီး စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေရာ တစ်နေရာ။
Citizen Journalist

ကရင်ပြည်နယ် မြဝတီမြို့ကနေ ကျုံဒိုးမြို့ဘက်အထိ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတာ လေးရက်အထိ ရှိလာပြီး မတ်လ ၂၈ ရက်မှာတော့ စစ်ကောင်စီတပ်က ရွာတွေကို လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေ ကိုယ့်အိမ်ကိုယ် မပြန်ရဲကြသေးဘဲ အစားအသောက်၊ နေရာထိုင်ခင်းနဲ့ သွားလာရေး အခက်အခဲ ကြုံတွေ့နေရပါတယ်။

မတ်လ ၂၈ မနက် ၉ နာရီလောက်မှာ မြဝတီလက်ခတ်တောင်ဘုရားကုန်း၊ မင်းလက်ပံကြက်ကင် ဆိုင်ကုန်း၊ ခလရ ၂၇၅ တပ်နဲ့ ရှေ့တန်းစစ်ကြောင်းတွေကနေ၊ ကျောက်ဂူတစ်ထောင်ဘုရားတောင် တန်း၊ မဲကနယ်ရွာ၊ ကွင်းကလေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် တစ်ခါပစ်ရင် ၄-၅ လုံးတစ်ပြိုင်တည်း ကျရောက်ပေါက်ကွဲတာမျိုးကြုံနေရတယ်လို့ အဲဒီနေရာမှာ ရောက်နေတဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ် ။

အလားတူ ကော့ကရိတ်မြို့ဘက်မှာလည်း အမှတ် (၉၇) စစ်တပ်၊လှိုင်ဝအမြောက်တပ်ကနေ တတန်ကူး၊ ဆင်ကုန်း၊ ကောင်းမှု၊ ကြောင်လျှာကုန်းရွာတွေကို လက်နက်ကြီးနဲ့ ပစ်နေတယ်လို့ ပြောပါတယ်။

ကျုံဒိုးအခြေစိုက် ခမရ (၅၄၅) (၅၄၆) တပ်နဲ့ ဂျိုင်းတံတား လုံခြုံရေးတပ်ကလည်း ကမ်းနီရွာ၊ ငါးတိုင်ရွာ၊ ခုနစ်တိုင်ရွာ၊ နွားခြံကုန်းရွာဘက်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် နေတယ်လို့ စစ်ဘေးဒုက္ခသည်တစ်ယောက်က RFA ကိုပြောပါတယ်၊

“ကျုံဒိုးမှာတော့ တိုက်ပွဲကငြိမ်နေပေမယ့် ၊ (၅၃၅) (၅၄၆) တပ်တွေက ကမ်းနီနဲ့ ငါးတိုင်၊ ခုနစ်တိုင် ရွာတွေဘက်ကို အလုံးကြီးပစ်ထုတ်နေတုန်းဘဲ။ ရပ်ကွက်သားတွေက ဂျိုင်းမြစ်တစ်ဘက်ကမ်း ဂျိုင်းရွာ၊ ရိုးမဟာ၊မနီကုန်း၊ရွှေဖြူ ကျောင်းဘက်တွေက ဘုန်းကြီးကျောင်းတွေ၊ ရာဘာခြံတွေထဲ စစ်ရှောင်နေကြတယ်၊ လေးရက်ရှိပြီ။ အိမ်ပြန်မရသေးဘူး။ ကျုံဒိုးရဲစခန်းကုန်းမှာက ရဲနဲ့ BGF တွေ ရမ်းပစ်နေတာရှိတယ်၊ ရပ်ကွက် အပိုင်းတွေထဲမှာလည်း စစ်တပ်က ခန့်တဲ့ အုပ်ချုပ်ရေးမှုး ဦးပိုက်ကုလားနဲ့ သူ့ရဲ့ပျူစောထီးတွေ ပစ်ခတ်တာတွေရှိတယ် ၊ မြို့ပေါ်ရော ရွာဘက်ရောဆို ရှောင်နေကြတာ ၅ ထောင် ၆ ထောင်လောက်ရှိနေပြီးတော့ လမ်းပေါ် ကားတွေ ဆိုင်ကယ်တွေ မသွားရဲတော့ သူတို့ရှောင်နေကြတဲ့နေရာတွေမှာ စားဖို့၊ အိပ်ဖို့ သွားလာရွှေ့ပြောင်းဖို့ ခက်ခဲနေကြတယ်”

ကျုံဒိုးနယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ Lion Battalion Commando Special Forces စစ်ကြောင်း က အဲဒီဒေသက ရဲစခန်း၊ BGF စစ်ကတုတ်၊ ခမရ (၅၄၅) (၅၄၆) တပ်ရင်း နေရာတွေကို နှစ်ရက် တာစီးနှင်းတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေဘက် က ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး၊ Lion စစ်ကြောင်းဘက်က အဖွဲ့ဝင် ၃ ယောက်သေဆုံး တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြည်နယ်နဲ့ တိုင်းပြည်လွတ်မြောက်ရေးအတွက် စစ်ကောင်စီတပ်ကို ဆက်လက်ရင်ဆိုင်တိုက်ခိုက်သွားမယ်လို့ ပြန်ကြားရေးတာဝန်ရှိသူ ကိုအညာသားက ပြောပါတယ်။

“အဓိက လက်ရှိ ကျွန်တော်တို့ ပြည်နယ်ကို ကျွန်တော်တို့ ဆက်ပြီးတော့ တိုက်ခိုက်ရုံပဲရှိမှာပေါ့။ ကရင်ပြည်နယ် တစ်ပြည်နယ်လုံး လွတ်မြောက်ရေး တိုင်းပြည်တစ်ပြည်လုံးလွတ်မြောက်ရေးကို ကျွန်တော်တို့ ဆက်လုပ်ဆောင်ရမှာပဲ။ စစ်ကတော့ ဆက်ဆိုင်ထားတုန်းပဲပေါ့ ၊ သူတို့သည်လည်း သူတို့အလုပ်လုပ်သလို ကျွန်တော်တို့လည်း ကိုယ့်အလုပ်ကိုယ် လုပ်ဦးမှာပဲ။ စစ်ဆိုတာက အမြဲတမ်းရင်ဆိုင်နေရတဲ့အချိန်ပဲပေါ့။ နွေဦးတော်လှန်ရေးလည်း ဖြစ်တဲ့အတွက်ကြောင့် စစ်ကတော့အချိန်မရွေးပေါ့။ နေရာမရွေး ဆက်ပြီးဆိုင်နေဦးမှာပါပဲ။”

စစ်အာဏာသိမ်းထားတဲ့နှစ်နှစ်ကျော်အတွင်း KNU ထိန်းချုပ်နယ်မြေ ခုနစ်ခုထဲမှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စုဆောင်းထားတဲ့ “မြန်မာစစ်တပ်၏ ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက်ဆုံးနေသောလူသားဘဝများ” အစီရင်ခံစာကို မတ်လ ၂၇ ရက်က မိတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲမှာ KNU ဗဟိုသတင်းနှင့်ပြန်ကြာရေးဌာနခွဲက တာဝန်ရှိသူတွေ ရှင်းလင်းပြောဆိုရာမှာတော့ စစ်ကောင်စီတပ်က လေကြောင်းကရော မြေပြင်လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်တာတွေ အရှိန်မြှင့်လုပ်ဆောင်လာတာကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံအရပ်သားပြည်သူ ၃၆၅၁၈၇ ယောက်အထိ မြင့်တက်လာနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။