သံတောင်မြို့မှာ စစ်ရေးတင်းမာနေလို့ ဒေသခံ ရှစ်ထောင်ဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေးနေရ
2023.01.31
ကရင်ပြည်နယ်၊ သံတောင်မြို့မှာ ဇန်နဝါရီလ ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ရပ်ကွက်တွေအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် (၁၃) မိုင်မှာရှိတဲ့ ဒေသခံ ရှစ်ထောင်ဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သံတောင်မြို့ခံတွေက ပြောပါတယ်။
သံတောင်မြို့ ရပ်ကွက်လေးခုက ဒေသခံ ရှစ်ထောင်ဝန်းကျင်ဟာ အနီးစပ်ဆုံး ပျားစခန်းရွာ အပါအဝင် တောင်ငူမြို့ပေါ်နဲ့ ရွာတချို့ကို ရွှေ့ပြောင်းခဲ့ကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် လူနေအိမ်တွေပေါ်နဲ့ ဘုရားကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဖြစ်တာကတော့ သောကြာနေ့ကတည်းက ဖြစ်နေတာ။ ဇန်နဝါရီ ၂၈၊ ၂၉၊ ၃၀ ရက်နေ့တွေမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်တော့ အိမ်မှာမနေရဲကြတော့ဘူး။ မနေ့က သံတောင် (၁၃ မိုင်) မှာရှိတဲ့ သူတွေအကုန် ရွှေ့ပြောင်းရတယ်။ နေအိမ်ပေါ်တွေနဲ့ ဘုရားကျောင်းထဲလည်း လက်နက်ကြီးတွေ ကျတယ်လေ။ ဒီနေရာက တိုက်ပွဲဖြစ်ရင် ပြေးဖို့က ဖြတ်လမ်းတွေမရှိဘူး။ ကြိုတင်ပြင်ဆင်ထားရတာပေါ့။ စစ်ရေးက တင်းမာနေတာလေ”
ဇန်နဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ် စခန်းကုန်းတစ်ခုကို အမည်မသိ အဖွဲ့တစ်ခုက အဝေးပစ် သေနတ် (စနိုက်ပါ) နဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သားတချို့ သေဆုံးခဲ့ပြီးနောက် အဲဒီစခန်းကုန်းကနေ လက်နက်ကြီးနဲ့ ရပ်ကွက်တွေ အတွင်း ပြန်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၂၈ ရက်နေ့မှာ တိုက်ပွဲမရှိဘဲ သံတောင်မြို့၊ အမှတ် (၂) ရပ်ကွက်မှာရှိတဲ့ ရှင်မာကုဘုရားကျောင်း အတွင်း (၄၀) မမ လက်နက်ကြီးကျည်နှစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အနည်းငယ်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သံတောင်မြို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးကတော့ စစ်ကောင်စီတပ်စခန်းကုန်း အပစ်ခံခဲ့ရတာကြောင့် ဒေသခံတွေ အန္တရာယ်မဖြစ်အောင် ပြန်လည်ပစ်ခတ်ခဲ့တာလို့ RFA ကို ပြောပါတယ်။
“တပ်ဘက်ကလည်း ဆုံးရှုံးမှုတွေများသွားတယ်။ သောကြာနေ့ကလည်း စခန်းကုန်းကို စနိုက်ပါနဲ့ လာအပစ်ခံရတော့ တပ်ဖွဲ့ဝင်တွေဘက်ကလည်း သေနတ်ဖောက်တယ်။ လူသူကင်းရှင်းတဲ့ဘက်ကို (၄၀) မမနဲ့ ပစ်တယ်။ လူတွေတော့ အန္တရာယ်မဖြစ်ပါဘူး။ အသံကြောင့် ဖားသေဆိုတာမျိုး ဖြစ်သွားတာ။ ဒေသခံတွေကလည်း ကြောက်လန့်ပြီး ထွက်ပြေးကြတာ”
ဒေသခံတွေ ထွက်ပြေးနေရတဲ့အပေါ် မြို့အုပ်ချုပ်ရေး၊ စစ်ကောင်စီတပ်နဲ့ ဘာသာရေး အသင်းအဖွဲ့တွေ ပြန်လည်ညှိနှိုင်းပြီး နေရပ်ပြန်လာနိုင်ဖို့ လုပ်ဆောင်နေကြတယ်လို့ သူက ဆိုပါတယ်။
စစ်တပ်က အာဏာမသိမ်းခင် ၂၀၁၇ ခုနှစ်၊ မတ်လကုန်အထိ လူဦးရေသန်းခေါင်စာရင်းအရ သံတောင်မြို့မှာ ဒေသခံ ကိုးသောင်းနီးပါး (၈၈၇၂၈) ဦးရှိပြီး မြို့ပေါ်မှာ နှစ်သောင်းနီးပါး (၁၈၄၇၇) နဲ့ ကျေးလက်မှာ ခုနစ်သောင်းကျော် (၇၀၂၁၅) ဦးရှိပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ထိ နှစ်နှစ်နီးပါးအတွင်း မြန်မာနိုင်ငံတစ်ဝန်းမှာ ဘာသာရေး အဆောက်အအုံ ၁၆၄ ခု ဖျက်ဆီးခံခဲ့ရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ကရင်ပြည်နယ်မှာ ဒေသခံ တစ်သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။