ညောင်လေးပင်မှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံးပြီး တစ်သောင်းကျော် ထွက်ပြေးနေရ

RFA Burmese
2023.05.20
ညောင်လေးပင်မှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံးပြီး တစ်သောင်းကျော် ထွက်ပြေးနေရ ညောင်လေးပင်ခရိုင် မူးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေ ပဲခူးတိုင်း၊ ညောင်လေးပင် ခရိုင် မူးမြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က မေလ ၁၈ ရက်နေ့မနက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တာကြောင့် ကလေးငယ် တစ်ဦးသေဆုံးပြီး ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ KNU ဗဟိုက မေလ ၂၀ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

အသက် (၁၄) နှစ်ရွယ် မောင်မင်းရဲဆက် လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အရွယ် မောင်မြင့်မြတ်သူနဲ့ အသက် ၄၇ နှစ်အရွယ် ဒေါ်လှစန်းတို့လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးထိခိုက်သူတွေ ဘယ်ရွာတွေကဖြစ်တယ်ဆိုတာကိုတော့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် စဝေ၊ နှောင်ကုန်း၊ တောင်စု၊ ကျွန်းတော၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်း၊ တပ်ကုန်းနဲ့ ညောင်ပင်သာ စုစုပေါင်းရွာကိုးရွာက ဒေသခံ တစ်သောင်းကျော် (၁၃၉၉၁ ဦး) အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မေလ ၂၀ ရက် ဒီနေ့မနက်ကလည်း ကျွန်းတောရွာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်းတောမှာ ဒီမနက်လည်း တိုက်ပွဲဖြစ်တယ်။ တော်တော်ကြာတယ်။ ၂ နာရီကျော်ကျော်လောက် တိုက်ပွဲကြာခဲ့တာပေါ့နော်”

KNU ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီရဲ့ ခမရ - ၅၉၉၊ ခမရ -၅၉၀၊ တပ်မ -၄၄ နဲ့ ခလရ -၈၄ တပ်ပေါင်းစုက ရွာတွေထဲ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေထဲ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာအပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်တာတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေမှာ ဒေသခံလေးသိန်းကျော် ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။