စစ်ကောင်စီတပ်ထိုးစစ်ကြောင့် မူးမြို့နယ်မှာ ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးရ
2023.05.23

ပဲခူးတိုင်းအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မူးမြို့နယ်အတွင်း စစ်ကောင်စီတပ်က မေလ ၁၀ ရက်နောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၁၈ ရွာက အရပ်သား ၂၁၈၈၀ ဦး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက မေလ ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ညောင်ပင်သာ၊ နောင်ချို၊ ဒိုက်ပုံ၊ မီးတိုင်တော၊ အောင်ချမ်းသာ၊ ကျောင်းစု၊ မြောင်းဦး၊ ရေအိုးစည်၊ ကော့ပြင်း၊ ကျောက်ကန်၊ နောင်ကုန်း၊ တောင်စု၊ စဝေ၊ ကျွန်းတော၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်းနဲ့ တပ်ကုန်း ကျေးရွာတွေက အရပ်သားတွေ ထွက်ပြေးနေရတာပါ။
စစ်ကောင်စီတပ်ဟာ ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ Drone နဲ့ တိုက်ခိုက်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာနဲ့ ဒေသခံ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေတာလို့ KNU က စွပ်စွဲထားပါတယ်။
ဒီစွပ်စွဲချက်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
KNU ဗဟိုရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက KNU ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲပေါင်း ကိုးထောင်ကျော် ဖြစ်ပွားခဲ့ပါတယ်။