တိုက်ပွဲကြောင့် မုန်းမြို့ ကျေးရွာ ၂၆ ရွာက ဒေသခံတွေ ထွက်ပြေးရ

RFA Burmese
2023.09.03
တိုက်ပွဲကြောင့် မုန်းမြို့ ကျေးရွာ ၂၆ ရွာက ဒေသခံတွေ ထွက်ပြေးရ ညောင်လေးပင်ခရိုင် (မုန်း) မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် မုန်းမြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေ တာကြောင့် ကျေးရွာ ၂၆ ရွာက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က စက်တင်ဘာလ ၂ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ ပူးပေါင်းတပ်တွေအကြား အုတ်ဖြတ်ရွာ၊ သမန်းကျင်းရွာ၊ ကရင်ကျရွာနဲ့ ကြက်တက်ညောင်ပင်သာရွာအနီးမှာ ဩဂုတ်လ ၁၉ ရက်ကစလို့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက် လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ဖိုးသောင်းစု၊ မျက်ရဲကရင်၊ မျက်ရဲဗမာ၊ ကျွန်းကုန်း၊ ဦးသျှစ်ခင်၊ ငလောက်တိုက်၊ သစ်ချဆိပ်၊ ဇီးကုန်း၊ ဆင်ဆိပ်၊ တောပု၊ လှည်းလမ်းကူး၊ ရွှေပြည်သာ၊ တိုပင်၊ ညောင်ပင်သာ၊ ကြက်တက်ညောင်ပင်သာ၊ ကရင်ကျ၊ ယောက်သဝရွာ၊ တလအိုင်ရွာ၊ ကျောက်ကြီးဘက်ကမ်း၊ နှောတော၊ မဲဖလန်၊ သရက်တန်း၊ သမန်းကျင်း၊ဘွာအိမ်စု၊ မိချောင်းခေါင်းစတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၆,၃၂၉ ဦးကို ကနဦး စာရင်းကောက်ယူထားနိုင်ပြီး နောက်ထပ်လည်း စာရင်းကောက်ယူနေတယ်လို့ KNU က ပြောပါတယ်။

ဒေသခံအများစုဟာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် လတ်တလော စစ်ရေးအခြေအနေအရ ကူညီပေးနိုင်ဖို့ ခက်ခဲနေတယ်လို့ ညောင်လေးပင်ခရိုင်အတွင်း စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီဘက်မှာက မထင်ရင်မထင်သလို လေယာဉ်ကလည်းလာတော့ တောတောင်နဲ့ လျှိုတွေထဲကိုပဲ ပုန်းကြတာများတယ်။ စစ်ရေးကလည်း တင်းမာနေတဲ့ အချိန်ဆိုတော့ ကူညီပေးရေးကိစ္စတွေမှာလည်း သူတို့ကို ဆက်သွယ်ရ အတော်ခက်တယ်။ တချို့ရွာတွေ ဆို ကျေးရွာလူကြီးတွေနဲ့ပဲ အဆက်အသွယ်ရတာ။ အကူအညီပေးရေးကိုလည်း သူတို့ကနေပဲ တစ်ဆင့်ချိတ်သွားရတာ"

ဒီအပြင် စစ်ကောင်စီတပ်က မုန်းမြို့မှာ စားနပ်ရိက္ခာသယ်ယူတာတွေကို ကန့်သတ်နေ တာကြောင့် စစ်ဘေးဒုက္ခသည်အများစုဟာ စားနပ်ရိက္ခာအခက်အခဲကို အဓိက ရင်ဆိုင်နေရတာလို့ ဆိုပါတယ်။

စစ်ကောင်စီပဲခူးတိုင်း ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးက ညောင်လေးပင် ခရိုင်မှာ ဒေသတည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် နယ်မြေခံစစ်တပ်နဲ့ ထိန်းသိမ်းဆောင်ရွက် နေတယ်လို့ ဩဂုတ်လ ၂၄ ရက်က RFA ကို ဖြေဆိုထားပါတယ်။

ဒါပေမဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေကိုတော့ ရှင်းရှင်းလင်း မပြောသွားပါဘူး။

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲကျော်အတွင်း KNU တပ်မဟာ (၃) နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်မှာ တိုက်ပွဲ ၁၁၄၃ ကြိမ်ဖြစ်ခဲ့ပြီး အရပ်သား ၁၇၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။