ကြာအင်းဆိပ်ကြီးမှာ စစ်ကြောင်းထိုးလို့ လူနှစ်ထောင်ကျော် ထွက်ပြေး

RFA Burmese
2023.09.16
ကြာအင်းဆိပ်ကြီးမှာ စစ်ကြောင်းထိုးလို့ လူနှစ်ထောင်ကျော် ထွက်ပြေး ကရင်ပြည်နယ်အတွင်းမှ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ကြသည့် စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၁ ခုနှစ် မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်။
AFP

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ရွာအနီးကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အတွက် အရပ်သား ၂၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တင်ဘာလ ၁၂ ရက်ကစလို့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ခလယ်-တံခွန်တိုင်ရွာ အပါအဝင် ခလယ်လေးရွာ၊ ပုလိန်ရွာနဲ့ အနီးအနားရွာတွေက ဒေသခံတွေ ဒီကနေ့ စက်တင်ဘာလ ၁၆ ရက်အထိ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စက်တင်ဘာလ ၁၄ ရက် မနက်ကတော့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) ပူးပေါင်းတပ်တွေအကြား ခလယ်-တံခွန်တိုင်ရွာအနီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပါဝင်တိုက်ခိုက်နေတဲ့ နဂါးနီစစ်ကြောင်းက တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။

"စက်တင်ဘာ ၁၄ ရက်နေ့ ထိတွေ့မှုစဖြစ်ပြီး နာရီဝက်လောက်မှာ လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ လာပစ်တယ်။ သူတို့ဘက်က ဒုတပ်ခွဲမှူး အပါအဝင် ၁၀ ယောက်နီးပါး လောက် ကျသွားတယ်။ ကျွန်တော်တို့ဘက်က တစ်ယောက် လေယာဉ်ကြောင့် ထိသွားတယ်"

စစ်ကောင်စီတပ်က ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတယ်လို့ သူက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ကရင်ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

၂၀၂၃ ခုနှစ် ဇူလိုင်လမှာလည်း ခလယ်-တံခွန်တိုင် အနီးနားရွာတွေက ဒေသခံတွေဟာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်အကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၆ သန်းကျော်ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။