KNU ထိန်းချုပ်ရာ မုန်းမြို့နယ်မှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းနီးပါး ရှိလာ

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ-၃ နယ်မြေထဲက ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ်မှာ နှစ်ဘက်တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် နှစ်သောင်းနီးပါး ရှိလာတယ်လို့ စက်တင်ဘာ ၁၃ ရက်နေ့မှာ KNU က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်နဲ့ KNU ကြား နှစ်ဘက်တိုက်ပွဲတွေအပြင် စစ်တပ်က လေကြောင်းတိုက် ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် မုန်းမြို့နယ် ကျေးရွာပေါင်း ၆၁ ရွာ၊ အိမ်ထောင်စုပေါင်း ၃,၂၃၆ စုက ဒေသခံ ၁၈,၆၆၉ ဦး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာလို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လေးလနီးပါးအကြာ စွန့်ခွာခဲ့ရတဲ့ သူမရဲ့နေအိမ်ကိုပြန်ချင်လို့ စစ်အာဏာရှင်စနစ်ကို မြန်မြန်ချုပ်ငြိမ်းစေချင်ပြီလို့ ဆိုပါတယ်။
မေလ နောက်ဆုံးပတ်ကတည်းက တစ်ရွာပြီးတစ်ရွာ လှည့်ရှောင်ရင်း အခုတော့ နီးစပ်ရာ တောထဲမှာပဲ ဖြစ်သလိုပုန်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေး ဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"မေလ နောက်ဆုံးပတ်ကတည်းက စရှောင်ရတာပေါ့။ အဲဒီတုန်းက ဘေးရွာတွေမှာ နေခဲ့တာ၊ ကိုယ်ခိုလှုံတဲ့ ရွာတွေမှာပါ တိုက်ပွဲတွေ ထပ်ဖြစ်တော့ တောထဲပဲ ပြေးရတဲ့ အခြေအနေ ဖြစ်သွားတယ်။ တစ်ခါတစ်လေ ကိုယ့်အိမ်ကို ပြန်နေချင်တဲ့ စိတ်ဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကို မြန်မြန် ချုပ်ငြိမ်းစေချင်ပါပြီ"
မုန်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက် တဲ့အတွက် ဘယ်သူမှ ရွာတွေမှာ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရတာလို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် လအထိ ကရင်ပြည်နယ် တစ်ခုလုံးမှာ KNU/ KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပေါင်း ၃,၉၉၃ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ ဒါဟာ တစ်နိုင်ငံလုံး မှာ တိုက်ပွဲအရေအတွက် အများဆုံးဖြစ်တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar က ဩဂုတ်လ ၂၉ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲတွေကြောင့် အာဏာသိမ်းပြီးမှ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်အရေ အတွက်ဟာ ကရင်ပြည်နယ်တစ်ခုလုံးမှာ ကိုးသောင်းနီးပါး ရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိုနှိုင်းရေးရုံး UNOCHA က ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။