လမ်းပျက်နေတာကြောင့် မြဝတီ- ဒေါနတောင် လမ်းဟောင်း ပြန်သုံးနေရ

RFA Burmese
2024.05.30
လမ်းပျက်နေတာကြောင့် မြဝတီ- ဒေါနတောင် လမ်းဟောင်း ပြန်သုံးနေရ မြဝတီ- ဒေါနတောင်- ကော့ကရိတ်လမ်းဟောင်းမှ ဖြတ်သန်းသွားလာနေသည့် ကားများအား ၂ဝ၂၄ ခုနှစ် မေလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

ဒီရက်ပိုင်း မိုးသည်းထန်တဲ့အတွက် ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်း၊ ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်က လမ်းတွေပျက်နေတာကြောင့် မြဝတီ-ဒေါနတောင် လမ်းဟောင်းကို ပြန်သုံးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလ ၂၃ ရက်က ၂၈ ရက်အထိ မိုးအဆက်မပြတ် ရွာသွန်းရာက တောင်ပတ်လမ်း သုံးနေရာမှာ မြေပြိုတဲ့အတွက် မြဝတီ- ဒေါနတောင်- ကော့ကရိတ်လမ်းဟောင်းကနေ ကုန်ကားနဲ့ ခရီးသည်ကားတွေ သွားလာခွင့်ပြုထားတယ် ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။

အခုလိုလမ်းပျက်နေတဲ့အတွက် မေလ ၂၈ ရက်နေ့ကနေ ဇွန် ၁ ရက်အထိ လမ်းပြင်ဖို့ မေ ၂၈ ရက်ကနေ ဇွန် ၁ ရက်အထိ ငါးရက်ကြာ လမ်းပိတ်ထားတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်/ ငြိမ်းချမ်းရေးကောင်စီ (KNLA/ PC) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"မိုးရွာပြီဆိုရင် အဆင်းတွေကို ကားတွေကဆင်းမရဘူး။ တောင်တွေက မတ်တယ်။ အဆင်းရှည်တဲ့အခါကျတော့ ဒီကောင် လမ်းချော်တယ်။ မှောက်ဖို့ များတယ်။ အဲ့ဒါကြောင့်မို့ ကားတွေက မဆင်းဘူး။ လမ်းပိတ်ထားတယ်။ အခု ထို့ကော်ကိုးကို ငါးရက်ပိတ်မယ်။ ထို့ကော်ကိုးလမ်းမှာတော့ အတိမ်းအမှောက်ကတော့ နေ့တိုင်းရှိတယ်"

ဒီလို လမ်းပြင်နေတဲ့အတွက် မြဝတီ- ဒေါနတောင် လမ်းဟောင်းကို သုံးနေတာဖြစ်ပြီး ကားအမျိုးအစားအလိုက် အပစ်ရပ်လက်နက်ကိုင်အဖွဲ့တွေကို လမ်းကြေးကောက်ပေးနေရတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုသူ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

"လမ်းသုံးလမ်းလုံးက မိုးရွာထားတော့ အခြေနေတော်တော်ဆိုးလို့ ဘယ်လိုမှ သွားလို့မရဘူး။ အဆင်မပြေဘူး။ လမ်းဟောင်းက ပြန်ဖွင့်ပြီးဆိုတော့ ကုန်ကားကြီးတွေ ဘာတွေဆို လမ်းဟောင်းကနေ သွားကြတာမျိုးတွေ ရှိတယ်။ လမ်းကြေးကလည်း စစတုန်းကဆိုရင် ငါးသိန်းပဲ၊ အခုနောက်ပိုင်းတော့ ကားအစီးကို လိုက်ပြီး ၁၂ သိန်းလောက်ထိတောင်မှ အဲ့ဒီလိုရှိတယ်"

ဒီလိုငွေကြေးကောက်ခံနေတာနဲ့ ပတ်သက်ပြီး ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်/ ငြိမ်းချမ်းရေးကောင်စီ (KNLA/PC)၊ နယ်ခြားစောင့်တပ် (BGF)၊ ကရင်အမျိုးသားအစည်းအရုံး KNU စတဲ့ လက်နက်ကိုင်လေးဖွဲ့ ညီညွတ်ရေးကော်မတီရဲ့ KNLA တပ်မဟာ ၇ ဒေသတာဝန်ရှိသူ ဗိုလ်မှူးကြီး စောဖောဒိုကို RFA က မေးမြန်းဖို့ ဆက်သွယ်ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရရှိသေးပါဘူး။

ကရင်ပြည်နယ်မှာ စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းတွေနဲ့ KNLA မဟာမိတ်ပူးပေါင်းတပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ဒါကြောင့် မြဝတီမြို့ကနေ ထို့ကော်ကိုး၊ ကျော်ခို့၊ ကြက်ဥတောင် စတဲ့ လမ်းပိုင်းသုံးပိုင်းကို ဖြတ်သန်းပြီး ဘားအံ၊ မော်လမြိုင်နဲ့ ရန်ကုန်ကို သွားလာနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။