မြဝတီမြို့မှ DKBA တပ်ဆုတ်ခွာ၊ မြန်မာစစ်တပ်ပြန်သိမ်း

မြဝတီမြို့တွင်း ခြေကုတ်ယူထားတဲ့ DKBA တပ်များ နိုဝင်ဘာ ၉ ရက် ဒီကနေ့ မနက်က မြို့တွင်းက ဆုတ်ခွာသွားပြီသလို စစ်အစိုးရ တပ်တွေက မြို့ကို ပြန်လည် ထိန်းချုပ်ထားလိုက်တဲ့အတွက် နောက်ဆုံး သတင်းကြေညာချိန်အထိ မြို့တွင်း ငြိမ်သက်နေတယ်လို့ သိရပါတယ်။

2010.11.09
refugee_myawaddy_mae_sot_305_z.png တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) နှင့် မြန်မာ စစ်အစိုးရတပ်များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခြင်းကြောင့် မြန်မာဖက်ကမ်း မြဝတီမြို့မှ ထိုင်းဖက်ကမ်း မဲဆောက်မြို့သို့ အစုလိုက် အပြုံလိုက် ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်များကို နိုဝင်ဘာ ၈ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Partners Relief & Development)
(Photo: Partners Relief & Development)

တချိန်တည်းမှာလည်း ဘုရားသုံးဆူ မြို့တွင်း နေရာယူထားတဲ့ တပ်များလည်း မနေ့က ညက မြို့ပြင်ကို ထွက်ခွာ တယ်လို့ သိရပါတယ်။

ဒါကြောင့် မဲဆောက်ဖက်ကမ်းကို ရောက်နေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် တချို့ မြန်မာနိုင်ငံဖက်ကမ်းကို ပြန်ကူးကြပါတယ်။ ဒါပေမဲ့ ဒီကနေ့ မနက်ပိုင်းက ဗိုလ်မှူးကြီး စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေးရဲ့ တပ်မဟာ ၅ အခြေစိုက်တဲ့ ဝေါလေဒေသကို စစ်အစိုးရတပ်တွေ လာရောက်ပစ်ခတ်တာကြောင့် ရွာသူရွာသား တွေ ထိုင်းနိုင်ငံဖက်ကို တိမ်းရှောင်တယ်လို့ KIC အဖွဲ့က ပြောပါတယ်။

အလားတူပဲ ဒီကနေ့ ညနေပိုင်းက ဝေါလေရွာကို စစ်အစိုးရတပ်တွေ မီးရှို့တယ်လို့ DKBA အရာရှိ တဦးက ပြော ပါတယ်။ ဘုရားသုံးဆူမြို့ကိုတော့ စစ်အစိုးရတပ်တွေ ဒီကနေ့ မနက် ၉ နာရီလောက်က လက်နက်ကြီးများ စတင်ပစ်ခတ်ပြီး မြို့တွင်း ဝင်လာတယ်လို့ ဘုရားသုံးဆူမှာ တိုက်ခိုက်နေတဲ့ DKBA အဖွဲ့ ခေါင်းဆောင် ဗိုလ်အေဝမ်း က ပြောပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုတွေဟာ ညနေအပိုင်းမှာ ပိုစိတ်လာပြီး DKBA တပ်ဖွဲ့တွေ နေရာယူထားတဲ့ မြို့ပြင် တောင်ကုန်းဖက်ကို စစ်အစိုးရတပ်တွေ တဖြည်းဖြည်းချင်း တက်လာနေတယ်လို့ သိရပါတယ်။

ဗိုလ်အေဝမ်းနဲ့ RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဗိုလ်အေဝမ်းနှင့် ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်

ဒီကေဘီအေနဲ့ စစ်အစိုးရတပ်တွေရဲ့ တိုက်ပွဲရဲ့ နောက်ဆက်တွဲ အခြေအနေတွေနဲ့ ထိုင်းနိုင်ငံဖက်ကို တိမ်းရှောင်ရောက်ရှိ နေတဲ့ စစ်ပြေးဒုက္ခသည်တွေရဲ့ နောက်ဆုံး အခြေအနေတွေကို RFA သတင်းထောက် ကိုမိုးကျော်က ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

သတင်းပေးပို့ချက်
အသံဖိုင်ယူရန်

အလားတူပဲ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူအနီး ဒီကေဘီအေ တပ်မဟာ(၅)နဲ့ စစ်အစိုးရတပ်တွေ ဒီကနေ့ မနက်ပိုင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်အစိုးရဖက်က စစ်လေယာဉ်တွေ အသုံးပြုခဲ့ပြီး အရပ်သားတချို့ သေဆုံး ဒဏ်ရာရတာတွေ ရှိတယ်လို့သိရပါတယ်။

ဒီအကြောင်းကို RFA သတင်းထောက် ကိုမိုးကျော် သတင်း ပေးပို့ထားပါတယ်။

တိုက်ပွဲသတင်း
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။