ရေကြီးရေလျှံမှုတွေ သတိထားဖို့ KNDF သတိပေး
2024.09.15
ကရင်နီ(ကယား)ပြည်နယ်အတွင်းမှာ ရေကြီးရေလျှံမှုတွေ ဆက်ရှိနေနိုင်တာကြောင့် အရပ်သားပြည်သူတွေ အထူးသတိထားကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် (KNDF) က စက်တင်ဘာ ၁၅ ရက်နေ့က သတိပေး ကြေညာချက် ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကစလို့ ကရင်နီပြည်နယ်အတွင်း မိုးသည်းထန်စွာရွာပြီး ရေကြီးမြေပြိုတာတွေကြောင့် အိုးအိမ်တွေပျက်စီးပြီး ရေဘေးသင့်နေရသလို KNDF တပ်က ဆေးတပ်သား ၁၈ ဦး သေဆုံးခဲ့ရတာကြောင့် သတိထားကြဖို့ အသိပေးထုတ်ပြန်တာပါ။
ကရင်နီပြည်နယ်အတွင်းမှာ ရေးဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတယ်လို့ KNDF ရဲ့ ဗဟိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကူညီကယ်ဆယ်ရေးတွေကတော့ ဆက်လုပ်နေတုန်း ဖြစ်ပါတယ်ခင်ဗျ"
ရေဘေးကြုံတွေ့နေရသလို ကရင်နီပြည်နယ်အတွင်း တိုက်ပွဲတွေလည်း ဆက်ရှိနေတယ်လို့ KNDF က ပြောထားပါတယ်။
လွိုင်လွင်လေးမြို့နယ်က အရပ်သားပြည်သူတွေ နေထိုင်ရာကျေးရွာတွေကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံလေးဦး သေဆုံးခဲ့ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံငါးဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
လွိုင်လင်လေးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းချရာ နေရာတွေကို KNDF နဲ့ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၅ ရက်နေ့ကနေ စက်တင်ဘာ ၈ ရက်နေ့အထိ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဆယ်သေဆုံးပြီး သုံးဦးကို KNDF က ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း ရရှိထားတယ်လို့လည်း ထုတ်ပြန်ထားတာပါ။ ထိခိုက်သေဆုံးသူ အရေအတွက်ကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲတွေ ပြင်းထန်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူတွေနေအိမ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။
KNDF နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေရှိနေသေးတာကြောင့် အရပ်သားပြည်သူတွေအနေနဲ့ လွိုင်ကော်-လွိုင်လွင်လေး-ဆီဆိုင်လမ်းမကြီးတွေကို သတိထားသွားလာကြဖို့ကိုလည်း သတိပေးထားပါတယ်။