ရေကြီးနစ်မြုပ်နေတဲ့ ကရင်နီမှာ လူသုံးသောင်းနီးပါး အရေးပေါ် အကူအညီလိုအပ်နေ

RFA Burmese
2024.09.14
ရေကြီးနစ်မြုပ်နေတဲ့ ကရင်နီမှာ လူသုံးသောင်းနီးပါး အရေးပေါ် အကူအညီလိုအပ်နေ ကရင်နီပြည်နယ်တွင် မြေပြိုခဲ့သည့် နေရာများအား ကရင်နီပြည်ရဲဌာန တပ်ဖွဲ့ဝင်များ ရှင်းလင်းနေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့က Karenni State Police – KSP မှ ထုတ်ပြန်ထားစဉ်။
Karenni State Police – KSP

ကရင်နီပြည်နယ်မှာ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုတာတွေကြောင့် မြို့နယ်ငါးမြို့နယ်က လူဦးရေ ၂၈၀၀၀ ကျော်ဟာ ရေဘေးသင့်နေပြီး စားနပ်ရိက္ခာ၊ တစ်ကိုယ်ရေသုံးပစ္စည်းနဲ့ သောက်သုံးရေ အရေးပေါ် လိုအပ်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

လူသုံးသောင်းလောက်အတွက် မဖြစ်မနေ ပြန်လည်ထူထောင်ရေးလုပ်ပေးဖို့ လိုအပ်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။

"လောလောဆယ်က ငါးသောင်းဝန်းကျင်လောက်တော့ ထိခိုက်နစ်နာမှုရှိတယ်၊ ဒါပေမဲ့ မဖြစ်မနေ ပြန်လည်ထူထောင်ရေးလုပ်နိုင်ဖို့ လူဦးရေက သုံးသောင်းကျော်ကျော်လောက်တော့ ရှိနိုင်တယ်ပေါ့နော်၊ ဒီထက်လည်း များနိုင်တယ်၊ ဘာဖြစ်လို့လည်းဆိုရင် ပွန်ချောင်းမှာ ရှိတဲ့ စစ်ဘေးရှောင်စခန်းက ပျက်စီးတာ တော်တော်များသွားတယ်၊ အိမ်ခြေနှစ်ရာကျော် သုံးရာ ဖြစ်သွားပြီ၊ တဖြည်းဖြည်း အချက်အလက်တွေ ပြန်ရလာတယ်၊ ကျွန်တော်ထင်တယ် တော်တော်လေး လိုအပ်ချက် များသွားနိုင်တယ်"

ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှားတောမြို့နယ်တွေမှာ ရေကြီးနစ်မြုပ်တာကြောင့် ယာယီရွှေ့ပြောင်းနေထိုင်ရသူ ၂၈၇၃၅ ဦးရှိပြီး သူတို့အတွက် အခြေခံစားသောက်စရာတွေ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေနဲ့ ယာယီတဲဆောက်လုပ်ဖို့ အိမ်သုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့ကစပြီး ကရင်နီပြည်မှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မြို့နယ် ငါးမြို့နယ်မှာ နေရာအနှံ့ ရေကြီးရေလျှံခဲ့ပြီး ရွာတွေ၊ စစ်ဘေးဒုက္ခသည်စခန်းတွေ၊ လယ်ယာစိုက်ခင်းတွေ ရေလွှမ်းပျက်စီးခဲ့ရတယ်လို့လည်း ရေးသားထားပါတယ်။

ဖယ်ခုံမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် စစ်ဘေးဒုက္ခသည် စခန်းသုံးခုက လူဦးရေ ၂၆၀၀ ကျော် ရေဘေးသင့်ခဲ့ရသလို တိကျိတ်ကျေးရွာမှာ တောင်ကျရေကြောင့် မြေပြိုပြီး လူ သုံးဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်က မိုးဗြဲရေကာတာကနေ ရေထပ်မံလွှတ်ချလိုက်တာကြောင့် ကျေးရွာ သုံးရွာနဲ့ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုက လူ ငါးထောင်နီးပါး ရေဘေးသင့်ခဲ့ရပြီး စိုက်ပျိုးထားတဲ့ စပါးဧက ၃၀၀၀ ကျော် ရေလွှမ်းပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ ကျေးရွာနေ ပြည်သူတွေ၊ စစ်ဘေးဒုက္ခသည်တွေအပါအဝင် ရေဘေးသင့်တဲ့သူ တစ်သောင်းနီးပါးရှိခဲ့ပြီး စစ်ဘေးဒုက္ခသည်စခန်း ခုနစ်ခုလည်း ရေကြီးတာကြောင့် အရေးပေါ် ရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ပွန်ချောင်းရေကြီးတာကြောင့် ရှားတောမြို့နယ်မှာရှိတဲ့ စူးဖဲလော့၊ နော်ပလု၊ ပွန်ချောင်း စတဲ့ကျေးရွာတွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းတစ်ခု ရေကြီးနစ်မြုပ်ခဲ့ပြီး လူဦးရ ၁၃၀၀ ကျော် ရေဘေးသင့်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

စစ်ကောင်စီက ရေကာတာဖောက်ချတာကြောင့် လွိုင်ကော်မှာ ရေကြီးတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီရေဘေးသင့်သူတွေကို IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနက အရေးပေါ် ကူညီကယ်ဆယ်လုပ်ငန်းတွေကို သက်ဆိုင်သူတွေနဲ့ ချိတ်ဆက်ပြီး ကူညီဖြေရှင်းတာတွေ ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။