ထိုင်းနိုင်ငံရောက် ကရင်နီဒုက္ခသည် ရှစ်ရာခန့် နေရပ်ပြန်လာ

RFA Burmese
2023.09.14
ထိုင်းနိုင်ငံရောက် ကရင်နီဒုက္ခသည် ရှစ်ရာခန့် နေရပ်ပြန်လာ ထိုင်းနယ်စပ်ရှိ ဒေါနိုးခူး ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူများအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။
KNOW

ကယားပြည်နယ် ထိုင်း-မြန်မာနယ်စပ်အနီးက မယ်စဲ့မြို့နယ်မှာ ပြီးခဲ့တဲ့နှစ်လကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲ ထွက်ပြေး ခိုလှုံသွားတဲ့ ကရင်နီဒုက္ခသည် ကိုးထောင်ထဲက ရှစ်ရာခန့် ဒီရက်ပိုင်းမှာ နေရပ်ကို ပြန်လာကြတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေက နယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လို့ရကြောင်း အသိပေးခဲ့ပြီးနောက်မှာ ဒုက္ခသည်အချို့ အခုလို နေရပ်ပြန်လာကြတာလို့ ကရင်နီ စစ်ဘေးဒုက္ခသည် ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

"ပြောရရင် သူတို့က အရင်ကတည်းက ဒီးမော့ဆိုနဲ့ တခြားမြို့နယ်တွေကနေ တိုက်ပွဲဖြစ်လို့ မယ်စဲ့ဘက်က ဒုက္ခသည်စခန်းတွေမှာ လာခိုလှုံနေတာ။ ဇူလိုင်လက တိုက်ပွဲထပ်ဖြစ်တော့ ထိုင်းနိုင်ငံဘက်ကို အုပ်စုလိုက် ထွက်ပြေးကြတဲ့သူတွေပေါ့နော်။ အခုထိုင်းဘက်က ပြန်လို့ရတယ်ပြောတော့ သူတို့အရင်နေခဲ့တဲ့ မယ်စဲ့က ဒုက္ခသည် စခန်းတွေဘက်ကို ပြန်လာနေကြတာ။ စာရင်းအရ သိရသလောက်ဆို အခုပြန်တာ ရှစ်ရာလောက်ပဲ ရှိဦးမယ်"

ပြန်ရောက်လာသူတွေအတွက် မိုးကာတဲတွေနဲ့ စားသောက်ရေးအပိုင်းမှာ အကူအညီတွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

မယ်စဲ့မြို့နယ်မှာ ၂၀၂၃ ခုနှစ်၊ ဇွန် ၁၃ ရက်ကနေ ၁၉ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်နီ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲကြောင့် ဒုက္ခသည် ငါးထောင်နီးပါး ထိုင်းနိုင်ငံဘက်ကို အရင်ဆုံး ထွက်ပြေးခိုလှုံသွားသွားပါတယ်။

အဲဒီနောက် သြဂုတ်လ ၁၄ ရက် ညသန်းခေါင်အချိန်မှာ စစ်ကောင်စီတပ်က မယ်စဲ့မြို့နယ်နဲ့ ထိုင်နယ်စပ်က ဒေါနိုးခူး ဒုက္ခသည်စခန်းအနီးကို ဂျက်တိုက်လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒုက္ခသည် လေးထောင်ခန့် ထိုင်းနိုင်ငံဘက်ကို ထပ်မံထွက်ပြေး သွားပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင်ခရိုင်ထဲမှာ ကရင်နီဒုက္ခသည် ကိုးထောင်ဝန်းကျင် ရှိခဲ့တာပါ။

အဲဒီဒုက္ခသည်တွေကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေ က စခန်းဖွင့်လှစ်ပြီး ကူညီပေးထားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အခုရက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေက နယ်စပ်မှာရှိတဲ့ နေရပ်ပြန်လိုတဲ့ ဒုက္ခသည်တွေ စာရင်းလိုက်လံ ကောက်ခံနေတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

"အခုက စာရင်းကောက်နေတာပေါ့နော်။ ထိုင်းအစိုးရကတော့ အခြေအနေ ကြည့်ပြီးတော့ အကုန်လုံးကို ပြန်မောင်းထုတ်မှာပဲ။ အခုက ဘယ်လောက်ပြန်မယ်၊ ပြန်ပို့မယ်ဆိုတာ တိတိကျကျတော့ မသိရသေးဘူးဗျ"

ထိုင်းအစိုးရဘက်က အခုလို စာရင်းကောက်နေပေမယ့် မြန်မာနိုင်ငံဘက်ခြမ်း ကရင်နီဒေသမှာ တိုက်ပွဲတွေက ရှိနေသေးသလို စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကိုလည်း စိုးရိမ်နေရသေးတယ်လို့ ကိုဗညားက ပြောပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ထိုင်းအာဏာပိုင်တွေနဲ့ စစ်ကောင်စီ ဆက်သွယ် ဆောင်ရွက်နိုင်မှု ရှိ၊ မရှိ သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းတွေအရ ကယားပြည်နယ်တစ်ခုလုံးမှာ စစ်တပ် အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲကျော် ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။