ကသာမြို့နယ် တုပ်ကြီးရွာ မီးရှို့ခံရပြီး အိမ် ၃၄ လုံး ပျက်စီး
2023.09.18

စစ်ကိုင်းတိုင်း၊ ကသာမြို့နဲ့ ၁၂ မိုင်အကွာမှာရှိတဲ့ ဧရာဝတီမြစ်ကမ်းဘေးက တုပ်ကြီးရွာကို စက်တင်ဘာလ ၁၇ ရက် မနက်က စစ်သင်္ဘောတွေ ဆိုက်ကပ်ပြီးနောက် ရွာကို စီးနင်းမီးရှို့ခဲ့တဲ့အတွက် အိမ်ခြေ ၃၄ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တုပ်ကြီးရွာမှာ နေအိမ် ၇၀ ရှိပြီး ၃၄ လုံး မီးလောင်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
တုပ်ကြီးရွာအနီး စက်တင်ဘာလ ၁၇ ရက် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရွာကို စီးနင်းမီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကသာမြို့ကနေ သင်္ဘော ခုနစ်စီး ဆန်တက်သွားပြီးတော့မှ တုပ်ကြီးမှာရပ်ပြီး ဝင်သွားတာ။ အဲဒီကနေ မီးရှို့တယ်လို့ သတင်းကြားတယ်။ အိမ် ၇၀ ကျော်ရှိတာ အိမ် ၃၄ လောက်ပါသွားတယ်"
ဒီအပြင် တုပ်ကြီးရွာအနီးမှာ အရပ်သားလေးဦးထက်မနည်း သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို မသိရသေးသလို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးတင်သန်းဝင်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိမှာ တုပ်ကြီးရွာက ဒေသခံ ၂၀၀ ကျော်အပါအဝင် အနီးနားရွာတချို့က အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စက်တင်ဘာလ ၈ ရက်နေ့ထုတ် အစီရင်ခံစာအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ စစ်ဘေးဒုက္ခသည် ရှစ်သိန်းကျော် (၈၁၃,၂၀၀) ရှိလာပါတယ်။