ကော့ကရိတ်မှာ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
2023.05.29

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ကော့ကရိတ် မြို့နယ်၊ ကျိုက်ဒုံမြို့တံတားထိပ်မှာ မေလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ဘက်ကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး နောက်ထပ်ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
လက်နက်ကြီးကျည်ကြောင့် ကျိုက်ဒုံမြို့ အမှတ်(၁) ရပ်ကွက်မှာနေထိုင်တဲ့ အသက် (၁၃) နှစ်အရွယ် မောင်သန်းနိုင်ဦး သေဆုံးပြီး အသက်ရှစ်နှစ်အရွယ်မောင်သန်းဦး ဒဏ်ရာရခဲ့ တယ်လို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးကတော့ KNU ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတင်မက ဒရုန်းတွေကိုပါ အသုံးပြုလာတယ်လို့ RFA ကို ပြောပါတယ်။
“ရန်သူဘက်က လက်နက်ကြီးတင်မဟုတ်ဘူး။ ဒရုန်းတွေလည်း သုံးလာနေပြီဆိုတာ သိစေချင်တယ်။ သူတို့ ကပစထုတ် စနစ်တကျထုတ်ထားတဲ့ ဒရုန်းနဲ့ချတဲ့ ဗုံးသီးကြီး တွေက ပြင်းအားလည်း တော်တော်ကောင်းတယ်”
ကျိုက်ဒုံအခြေစိုက် စစ်ကောင်စီတပ်ကပစ်တာလို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပေမယ့် ဒီအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေး သလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာအပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်တာတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေမှာ ဒေသခံ လေးသိန်းကျော် ထွက်ပြေးနေရပါတယ်။