ကောလင်းမှာ ပြည်သူ့အုပ်ချုပ်ရေးစတင်ကြောင်း NUG ကြေညာ

RFA Burmese
2023.12.03
ကောလင်းမှာ ပြည်သူ့အုပ်ချုပ်ရေးစတင်ကြောင်း NUG ကြေညာ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
Kawlin Revolution – KR

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ပြည်သူ့အုပ်ချုပ်ရေး စတင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီဇင်ဘာလ ၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။

ကောလင်းမြို့ကို နိုဝင်ဘာလ ၆ ရက်နေ့က NUG လက်အောက်ခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူခဲ့ပြီး စစ်ကောင်စီတပ်တွေ အုပ်ချုပ်မှုကင်းတဲ့ ကောလင်းကို ဒီနေ့ကစပြီး (ဒီဇင်ဘာ ၃ ရက်နေ့) ပြည်သူ့အုပ်ချုပ်ရေး စတင်ကြောင်း ကြေညာတာလို့ ပြောထားပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေကို NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဦးဆောင်သွားမှာလို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

"ကောလင်းခရိုင်မှာ ပြည်သူ့အုပ်ချုပ်ရေး ကြေညာခဲ့တာပါ၊ ကဏ္ဍခြောက်ခုနဲ့ ပြည်သူ့အုပ်ချုပ်ရေးဆောင်ရွက်နေပြီဆိုတာကို ကြေညာတဲ့အတိုင်းပါပဲ၊ အမျိုးသားညီညွတ်ရေးအစိုးရမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဆိုတာရှိတယ်၊ အဲဒီမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်တဲ့ ကော်မတီဖြစ်ပါတယ်၊ အဲအောက်မှာ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရှိမယ်၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရှိတယ်၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေရှိတယ်၊ အခုဆို မြို့နယ်ပေါင်း ၁၇၀ ကျော်မှာ တည်ဆောက်ထားပါတယ်၊ အခုကြေညာတဲ့ ကောလင်းကတော့ ပထမဆုံး သိမ်းပိုက်ရရှိတဲ့ ခရိုင်မြို့ဖြစ်တာကြောင့် အဲဒီမှာ ပြည်သူ့အုပ်ချုပ်ရေးတွေ ဘယ်လိုဖော်ဆောင်နေလည်းဆိုတာကို ကြေညာတာဖြစ်ပါတယ်"

NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နိုဝင်ဘာလ ၈ ရက်နေ့က ဖွဲ့စည်းပေးလိုက်တဲ့ ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကာကွယ်ရေးကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့ လုံခြုံရေး အဖွဲ့(ပလဖ) ပြည်သူ့ရဲတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့အတွက် ဆရာဝန်၊ သူနာပြု၊ အခြေခံကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်း စုစုပေါင်း ၆၅ ဦးပါဝင်တဲ့ မြို့နယ် ကျန်းမာရေးအဖွဲ့က ဆောင်ရွက်ပေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေ‌ဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်း၊ ကုန်းကြမ်း စတဲ့မြို့ငါးမြို့ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က သိမ်းယူထားပြီး မုံးကိုး၊ ပန်ဆိုင်းအပါအဝင် မြို့တချို့ကို အုပ်ချုပ်ရေးလုပ်ငန်းတွေ လည်ပတ်နေပြီလို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက RFA ကို ပြောထားပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးအနေနဲ့ လက်နက်ကိုင်တော်လှန်‌ရေးတပ်ဖွဲ့တွေက မြို့နယ် (၁၉) ခုကို သိမ်းပိုက်ထားတယ်လို့ MNDAA အဖွဲ့က ဒီဇင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ကလည်း ချင်းပြည်နယ်ထဲမှာရှိတဲ့ မြို့ခုနစ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပြောခွင့်ရသူ ဆလိုင်းကျုံးငိုင်က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။

စစ်ကိုင်းတိုင်းထဲမှာတော့ ကောလင်းမြို့၊ တမူးမြို့နယ် ခါမ်းပါတ်မြို့နဲ့ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့တွေကို သိမ်းထားနိုင်ပြီလို့ စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။