ကော့သောင်းမြို့နယ်မှာ အမျိုးသမီးနှစ်ဦး အပါအဝင် ဒေသခံခြောက်ဦး ဖမ်းဆီးခံထားရ
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ ရွာသုံးရွာက အမျိုးသမီးနှစ်ဦး အပါအဝင် ဒေသခံခြောက်ဦးကို ဧပြီလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေမှာ စစ်ကောင်စီ တပ်သားတွေ ဆက်တိုက်ဖမ်းဆီးခဲ့ပြီး ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မာရမ်းရွာက ကိုလွင်ဦး၊ ဆိပ်ဖူးရွာက ဦးသောင်းဝင်းနဲ့ သားနှစ်ယောက်ဖြစ်တဲ့ ကိုကျော်မျိုးဦး၊ ကိုကျော်နိုင်ဦး၊ လုံးဖောရွာက နာမည်အတည်မပြုနိုင်သေးတဲ့ အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံထားရတာလို့ ဆိုပါတယ်။
ဧပြီ ၁၆ ရက်နေ့က ဆိပ်ဖူးရွာမှာ ပျူစောထီးခေါင်းဆောင်နှစ်ဦး အသတ်ခံရပြီးနောက် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ဆက်နွယ်သူတွေကို လိုက်လံဖမ်းဆီးနေတာလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
“ပျူစောထီးတွေကို ရှင်းလင်းတာနဲ့ ပတ်သက်ပြီးတော့ ဒီပကဖအဖွဲ့ကို ထောက်ပို့လုပ်နေတဲ့ သူတွေကို ဖြတ်လေးဖြတ် လုပ်တာပေါ့။ အဲဒီသဘောတရားပါပဲ”
ဖမ်းဆီးခံရသူတွေဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်နွယ်မှုရှိမရှိကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒေသခံတွေဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးကို RFA ကဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့အထိ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အပါအဝင် ပြည်သူ ၁၇,၅၇၀ ဦးဖမ်းဆီးခံထားရပါတယ်။