ထိုင်းမြန်မာနယ်စပ် ကော့သောင်းမြို့နယ်မှာ တိုက်ပွဲဖြစ်
2023.08.24

ထိုင်း မြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်က မလိဝမ်းရွာအနီးမှာ ဩဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံတပ်တွေနဲ့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကော့သောင်းပကဖတာဝန်ခံ ကိုမုန်တိုင်းက ပြောပါတယ်။
အဲဒီဒေသကရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကြောင်းနဲ့ PDF တွေကြား တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ငါးယောက်သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။
" ဒီနေ့ မနက်ပိုင်း ကိုးနာရီကျော်လောက်မှာ စစ်ကောင်စီတပ်တွေ မလိဝမ်းကျေးရွာဘက်ကို အင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးလာတော့ ကျွန်တော်တို့ အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ် ကျွန်တော်တို့ဘက်က ရှေ့ထွက်မိုင်း သုံးလုံး ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က ငါးဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရတယ်လို့ သိရတယ်"
စစ်ကောင်စီအင်အား ၃ဝ လောက်ပါတဲ့ စစ်ကြောင်းဟာ မလိဝမ်းရွာ၊ ချောင်းဝရွာတွေကိုဝင်ပြီး ဖမ်းဆီးစစ်ဆေးနေတာကြောင့် ရွာသားတစ်ရာကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက လက်ခံကူညီထားပေမဲ့ ဒီညနေပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေမရှိတော့ဘူးဆိုပြီး ရွာကိုပြန်ပို့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ မေးမြန်းဖို့ တနင်္သာရီတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၆ သန်းကျော်အထိ ရှိလာနေပြီး အာဏာမသိမ်းခင်က ရှိနေတဲ့ အရေအတွက်နဲ့ပေါင်းရင် နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်အထိ ရှိလာနေတယ်လို့လည်း UNOCHA ကပြောထားပါတယ်။