ကော့သောင်း နယ်စပ်ဂိတ် ပုံမှန်အတိုင်း ပြန်လည်ထွက်ခွာခွင့်ရ
2024.09.03
တနင်္သာရီတိုင်း ကော့သောင်းကနေ ထိုင်းနိုင်ငံ ရနောင်းမြို့ထံ နယ်စပ်ဖြတ်ကျော်ထွက်ခွာခွင့်ကို စက်တင်ဘာလ ၃ ရက် ဒီကနေ့မှာ အာဏာပိုင်တွေက ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုထားတယ်လို့ ကော့သောင်းဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့က ကော့သောင်းမြို့ကနေ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်နဲ့ ရနောင်းမြို့ကို သွားမဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား မြန်မာလူငယ်တွေကို မြန်မာဘက်က ထွက်ခွာခွင့် ပိတ်ခဲ့တာပါ။
ဒီနေ့မှာတော့ အားလုံးကို ဖြတ်သန်းသွားလာခွင့်ပြုထားတာကိုတွေ့ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ကတော့ သွားလို့မရဘူး။ ယောက်ျားလေးတွေကို ပြန်လွှတ်တာ။ ဒီနေ့တော့ ယောကျ်ားလေးတွေ အကုန်သွားလို့ရပြီ။ ဖွင့်ပေးလိုက်ပြီ။ မနေ့က ပိတ်လိုက်တာကလည်း ၆ မျဥ်းစောင်းတွေ သွားလို့ရတယ်။ တခြားပြည်နယ်က လာတဲ့သူတွေကို ပေးမသွားဘူး။ လက်ရှိကတော့ ဖွင့်ပေးလိုက်ပြီ”
မနေ့က မြန်မာလူငယ်တွေကို ဖြတ်သန်းသွားလာခွင့် ဘာကြောင့်ပိတ်ပင်ခဲ့တာလည်းဆိုတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ် သိနိုင်ဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မြန်မာနယ်စပ်ကတစ်ဆင့် ထိုင်းနိုင်ငံထဲကို ကော့သောင်း - ရနောင်း၊ မြ၀တီ- မဲဆောက်နဲ့ တာချီလတ် - မယ်ဆိုင် ဂိတ်ဆိုပြီး နှစ်နိုင်ငံ တရား၀င် ကူးသန်းသွားလာနိုင်ဖို့ နယ်စပ်ဂိတ် သုံးဂိတ်ရှိပါတယ်။
ဒီနယ်စပ်ဂိတ်တွေမှာ ခုနစ်ရက်သက်တမ်းရှိတဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်၊ နှစ်နှစ်သက်တမ်းရှိ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ၊ အလည်အပတ် နိုင်ငံကူးလက်မှတ်၊ အလုပ်အကိုင် နိုင်ငံကူးလက်မှတ် စတဲ့အမျိုးအစားတွေနဲ့ နယ်စပ်ဖြတ်ကျော်သွားလာခွင့်ပြုထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တဲ့နောက် လူငယ်တွေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာမှု ပိုများလာသလို စစ်ကောင်စီကလည်း လေဆိပ်တွေနဲ့ နယ်စပ်ဂိတ်တွေကတစ်ဆင့် လူငယ်တွေကို ပြည်ပထွက်ခွာခွင့် တင်းကျပ်ထားတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။