ဘောလခဲမှာ စစ်ကောင်စီ လေကြောင်းဗုံးကြောင့် အရပ်သား သုံးဦးသေ၊ ငါးဦးဒဏ်ရာရ
2023.03.24

ကယားပြည်နယ်၊ ဘောလခဲမြို့နယ် ဝမ်ဗလရွာအနီးက ဒေသခံတွေ သစ်လုပ်ငန်းလုပ်တဲ့ နေရာကို မတ်လ ၂၃ ရက် မနေ့ညနေက စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချခဲ့ တာကြောင့် ဒေသခံ အမျိုးသား သုံးဦးသေဆုံးပြီး ငါဦးဒဏ်ရာရခဲ့တယ်လို့ ဘောလခဲ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒေသခံတွေ သစ်လုပ်ငန်းလုပ်တဲ့နေရာကို ပေါင် ၅၀၀ လောက်ရှိတဲ့ ဗုံးငါးလုံးကြဲချခဲ့ တာကြောင့် အမျိုးသားနှစ်ဦးက နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့သလို နောက်ထပ် အမျိုးသားတစ်ဦးကတော့ ဆေးကုသဖို့ဆေးရုံကိုသွားချိန်မှာပဲ သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘောလခဲ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က ညနေ လေးနာရီခွဲလောက်က ဖြစ်သွားတာ။ ပထမဆုံး ကင်းထောက်လေယာဉ် တစ်စီးလာတယ်။ မကြာဘူး။ တိုက်လေယဉ်နဲ့ လာတာ။ ဘာအမျိုးအစားလဲတော့ မသိဘူး။ နှစ်ဦးသေပြီး ကျန်တဲ့သူတွေကို ဆေးကုသဖို့လုပ်တာမှာ တစ်ဦးကထပ်သေ သွားတယ်။ လက်တွေ၊ ခေါင်း၊ ခြေထောက် နေရာအနှံ့ထိသွားကြတာ။ အခု အမျိုးသားငါးဦးက ဆေးကုသမှုလုပ်နေတယ်။ အဲအထဲက နှစ်ဦးက ပြင်းထန်အဆင့် ဖြစ်နေတယ်။ အသက်တွေကတော့ ၂၀ နဲ့ ၅၀ ဝန်းကျင်အရွယ်တွေပဲ”
ဒီလိုလေကြောင်းတိုက်ခိုက်မှုကြောင့် ယာယီနေထိုင်တဲ့ တဲတွေပျက်စီးခဲ့ရသလို ဆယ်ဘီးကားတစ်စီးလည်း ပျက်စီးသွားတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့လေတပ်ဟာ သစ်လုပ်ငန်းက ယာယီတဲတွေကို ပြည်သူ့သကာကွယ်ရေး တပ်ဖွဲ့စခန်း အထင်နဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်တာဖြစ်နိုင်တယ်လို့ ဘောလခဲ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။
စစ်ကောင်စီဟာ အရပ်သားနဲ့ ကာကွယ်ရေးတပ်ဖွဲ့ မခွဲခြားဘဲ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာလို့လည်း သူက ပြောပါတယ်။
မတ်လ ၁၆ ရက်နေ့က ရေနီပေါက်ကျေးရွာအနီးမှာ ဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအပြီး စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီအတောတွင်းမှာပဲ စစ်ကောင်စီတပ်တွေက ရေနီပေါက်နဲ့ မိုင်းထမ်းရွာတွေကို နေ့စဉ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အဲဒီရွာနှစ်ရွာက နေအိမ် ၂၀ နဲ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အရပ်သား သေဆုံးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာလည်း လက်ခံဖြေကြားတာ မရှိပါဘူး။
ကယားပြည်နယ်မှာ နယ်မြေတည်ငြိမ်မှုမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနဲ့ ဘောလခဲမြို့နယ်တွေကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်က စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားတာပါ။
ကယားပြည်နယ်ထဲမှာ နှစ်နှစ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ခုနစ်ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ အတွင်းက RFA ကို ပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း ကယားပြည်နယ်ထဲမှာ လေကြောင်းတိုက်ခိုက်မှု ၁၉၇ ကြိမ်ရှိခဲ့တယ်လို့လည်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF က ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်က ထုတ်ပြန်ပါတယ်။