ကယားမှာ စစ်ကောင်စီတပ်ကြောင့် ဒေသခံ ၃၀၀၀ ကျော် ထပ်မံထွက်ပြေးရ
2023.02.03

ကယားပြည်နယ်၊ လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုလမ်းပိုင်းက ကျေးရွာတချို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၃၀၀၀ ကျော် ထပ်မံထွက်ပြေးနေရတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက RFA ကို ဒီနေ့ပြောပါတယ်။
"လွိုင်ကော်ရယ်၊ ဒီမော့ဆိုအရှေ့ဘက်အခြမ်းက ကန်ခုနစ်ဆင့်ပေါ့နော်။ အဲဘက်ကို လာတဲ့ ရွာတွေဘက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာတယ်။ အဲဒီအတွက် ဇရပ်ဖြူရွာကလူတွေ ထွက်ပြေးရတာရှိသလို စံပြခြောက်မိုင်အုပ်စုက နန်းဟူးထွေ ပအိုဝ်းရွာက တစ်ရွာလုံးပြေးနေရတယ်"
စစ်ကောင်စီဘက်က စစ်ကြောင်းတွေ ဆက်ထိုးနေတာကြောင့် ဒီးမော့ဆိုအရှေ့ဘက် အခြမ်းက ထီးဖိုးကလို ကျေးရွာအုပ်စုနဲ့ ဒေါကလိုဒူး ကျေးရွာအုပ်စုက ဒေသခံတွေလည်း ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဒုက္ခသည် အသစ် ၃၀၀၀ လောက်ထပ်တိုးလာပြီး အဲဒီလမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်းသုံးခုက ဒုက္ခသည် ၁၀၀၀ ဝန်းကျင်လောက်လည်း ဒုက္ခသည် အသစ်တွေနဲ့အတူ ဒီးမော့ဆို အရှေ့ဘက်အခြမ်းထဲကို ထပ်မံထွက်ပြေးနေရတယ်လို့ ကိုဗညားက ပြောပါတယ်။
ထွက်ပြေးနေရတဲ့သူတွေအတွက် အမိုးအကာ၊ နေရာထိုင်ခင်းနဲ့ စားဝတ်နေရေးအတွက် အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘော်လခဲ မြို့နယ်တွေကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် မနေ့က ကြေညာထား ပါတယ်။ စစ်ကောင်စီက အဲဒီဒေသတွေမှာ စစ်အင်အားတွေ ထပ်မံတိုးချဲ့တာတွေ လုပ်လာရင် ဒုက္ခသည်အရေးမှာလည်း စိန်ခေါ်မှုရှိလာနိုင်တယ်လို့ ကိုဗညားက သုံးသပ်ပါတယ်။
စစ်ကောင်စီက အာဏာသိမ်းထားတဲ့ နှစ်နှစ်တာကာလအတွင်း ကယားပြည်နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည် အရေအတွက် နှစ်သိန်းဝန်းကျင်ရှိနေတာပါ။
ကယားပြည်နယ်အတွင်းက ဒုက္ခသည်တွေအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
အာဏာသိမ်းနှစ်နှစ်တာကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၅၆၂ ကြိမ်အထိဖြစ်ခဲ့ပြီး အရပ်သားသေဆုံးမှုက ၄၃၀ အထိရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အာစု PKPF က ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေထဲမှာ စစ်ကောင်စီက သတ်ဖြတ်လို့ သေဆုံးရသူက ၃၀၂ ဦးရှိခဲ့ပြီး စစ်ဘေးတိမ်းရှောင်ရင်းသေဆုံးရသူက ၁၂၈ ဦးရှိခဲ့တယ်လို့ PKPF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။