ကယားပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ သောက်သုံးရေ ရှားပါးပြတ်လပ်

RFA Burmese
2025.03.13
ကယားပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ သောက်သုံးရေ ရှားပါးပြတ်လပ် ကယား (ကရင်နီ) ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုတွင် ရေပေးဝေနေသည်ကို ၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
Facebook/ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆို၊ ဘောလခဲ၊ ဖားဆောင်း၊ ဖရူဆိုနဲ့ လွိုင်ကော်မြို့နယ်တို့က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ မတ်လ ပထမပတ်ကစလို့ သောက်သုံးရေ ရှားပါးပြတ်လပ်လာတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက မတ်လ ၁၃ ရက်နေ့မှာ ပြောပါတယ်။

ရာသီဥတု ပူပြင်းလာချိန်န ဒုက္ခသည်တွေ အားထားအသုံးပြုနေရတဲ့ တောင်ကျချောင်းတွေနဲ့ ရေကန်တချို့ ခန်းခြောက်လာတာလို့ ဆိုပါတယ်။

ရေရှားပါးလာတာကြောင့် သောက်ရေအတွက် ဦးစားပေးနေရပြီး သုံးရေကိုတော့ ချွေတာအသုံးပြုနေရတယ်လို့ ကယားပြည်နယ်အခြေစိုက် ဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ဖရူဆိုမှာဆို ရေထွက်တဲ့နေရာက စစ်ဘေးဒုက္ခသည်စခန်းနဲ့ အနည်းဆုံး ခုနစ်မိုင်ကျော် ဝေးတယ်။ ဆိုတော့ ရေသွားချိုးတယ်ဆို နေ့တိုင်းမလုပ်နိုင်ဘူး။ သောက်ရေကိုပဲ ဦးစားပေးပြီး ခပ်တယ်။ သုံးရေဆိုရင် ရေချိုးတာ၊ အိုးခွက်ပန်းကန်ဆေးကြောတာ ဒီလိုနေရာတွေမှာ ချွေတာကြတယ်။ အရမ်းသုံးရင်လည်း ရေခန်းသွားမှာ စိုးရိမ်ကြတာပေါ့နော်။ ပြီးတော့ စစ်ဘေးဒုက္ခသည်စခန်းက လူကလည်း နည်းတာမဟုတ်ဘူးလေ။ တချို့တွေဆို သုံးရက်၊ ငါးရက် အဲဒီလောက်မှ ရေတစ်ခါချိုးကြတယ်။ အခုမှ မတ်လပဲရှိသေးတော့၊ ရှေ့လျှောက်ပိုပူရင် ရေပိုခန်းမှာလည်း စိုးရိမ်နေကြတာပေါ့"

ရေရှားပါးမှု နောက်ဆက်တွဲအနေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတာကြောင့် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကလေးငယ်တွေအပါအဝင် ဒုက္ခသည်တချို့ အရေပြား ယားနာကူစက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သောက်သုံးရေအတွက် ရေတစ်ပီပါကို ငွေကျပ် သုံးသောင်းကနေ လေးသောင်းအထိ ပေးဝယ်နေရတာကြောင့် အခက်ခဲတွေ့နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ရေရှားပါးပြတ်လပ်မှု ကြုံနေရတဲ့ ဒုက္ခသည်စခန်း အရေအတွက်ကို အတိအကျကို မသိရသေးပါဘူး။

စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ဒုက္ခသည်စခန်းတွေမှာ ရေကန်တချို့ တူးဖော်လှူဒါန်းမှုတွေ ရှိပေမဲ့ ဒုက္ခသည်စခန်းအားလုံးကို မလွှမ်းခြုံနိုင်ဘူးလို့ ပြောပါတယ်။

ကရင်နီပြည်ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ IEC စာရင်းတွေအရ ကယားပြည်နယ်မှာ စစ်ဘေးသင့် ပြည်သူ သုံးသိန်းနှစ်သောင်းဝန်းကျင်ရှိပြီး စစ်ဘေးဒုက္ခသည်စခန်း (၄၁၀) ဝန်းကျင်ရှိပါတယ်။ အဲဒီအထဲက နေ့စဉ် အကူအညီလိုအပ်တဲ့ စစ်ဘေးဒုက္ခသည် အရေအတွက်ကတော့ တစ်သိန်းခွဲကျော် ရှိတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။