ပြည်ပနိုင်ငံတချို့ လက်နက်ကိုင်တိုက်ခိုက်မှုကို အားပေးနေကြောင်း စစ်ခေါင်းဆောင် ပြော
2025.01.15

ပြည်တွင်း ပဋိပက္ခမှာ ပြည်ပနိုင်ငံတချို့က လက်နက်ကိုင်တိုက်ခိုက်မှုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အားပေးအားမြှောက်လုပ်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ ၁၅ ရက် ဒီနေ့ ကျရောက်တဲ့ ကယားပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုပါတယ်။
ဘယ်နိုင်ငံတွေဆိုတာ အတိအကျ ထုတ်ဖော်ပြောဆိုတာ မရှိပေမဲ့ သူတို့ဟာ မြန်မာနိုင်ငံကို ချုပ်ကိုင်နိုင်ဖို့ ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ဟာ လက်တွေ့နဲ့ ကွဲလွဲနေတယ်လို့ RFA ကို ပြောပါတယ်။
“သူပြောတာ အနောက်နိုင်ငံတွေကို ရည်ညွန်းပြောဆိုလိုပုံရပါတယ်။ ဒါပေမဲ့လည်း အနောက်နိုင်ငံတွေက တော်လှန်ရေးမှာ ကျည်တစ်ထောင့်တောင် မကူညီကြပါဘူး။ သူ့ကို ကာကွယ်ပေးထားတဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ ကာကွယ်ပြောဆိုလိုတဲ့ သဘောပဲ ဖြစ်ပါတယ်”
မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ မတည်ငြိမ်မှုတွေ ဖြစ်နေတာက ဒီမိုကရေစီ အရေးလှုပ်ရှားနေသူတွေက မဲမသမာမှုနဲ့ နိုင်ငံတော်အာဏာကို ရယူဖို့ကြိုးပမ်းခဲ့သလို ဥပဒေနဲ့အညီ ဒီမိုကရေစီနည်းကျ မဖြေရှင်းဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တာကြောင့်လို့ စစ်ခေါင်းဆောင်က စွပ်စွဲပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး လေးနှစ်အကြာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာတော့ စစ်ကောင်စီက နောက်ထပ် ရွေးကောက်တစ်ခုကို ကျင်းပဖို့ ကြိုးပမ်းနေပါတယ်။
ဒီနေ့ပေးပို့တဲ့ ကယားပြည်နယ်နေ့ သဝဏ်လွှာထဲမှာ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်ကြောင့် လွိုင်ကော်မြို့ အပါအဝင် မြို့ရွာတွေ ပျက်စီးခဲ့ရကြောင်းလည်း ထည့်သွင်းပြောဆိုပါတယ်။
ကယားပြည်နယ်အခြေစိုက် တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ဇန်နဝါရီလ ၁ ရက်နေ့ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းအသုံးပြု တိုက်ခိုက်တာနဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် ကယားပြည်နယ်မှာ နေအိမ်ဆောက်အအုံ သုံးထောင်ခန့် ပျက်စီးတယ်လို့ ဖော်ပြထားပါတယ်။