လွိုင်ကော်မြို့နယ်မှာ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦးဒဏ်ရာရ
2023.02.05

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ဝါရီကောခူရွာမှာ ဖေဖော်ဝါရီလ ၄ ရက်ညပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝါရီကောခူရွာကို ဖေဖော်ဝါရီလ ၄ ရက် ည ၁၀ နာရီဝန်းကျင်မှာ လွိုင်ကော်မြို့ပေါ်က စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီး အချက် ၅၀ ဝန်းကျင် ပစ်ခတ်ခဲ့တယ်လို့ ကရင်နီအစိုးရ ပြည်ထဲရေးဝန်ကြီး ခူညေးရယ်က ပြောပါတယ်။
စစ်ကောင်စီက ဝါရီကောခူရွာ နဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ သူက ပြောပါတယ်။
"အဲဒီ ဒုက္ခသည်ခန်းကို လေကြောင်းလာပစ်တဲ့ညကျတော့ လူမထိဘူး။ ဒါပေမဲ့ စာသင်ကျောင်းလည်း မီးလောင်သွားတယ်၊ ဆေးခန်းထိတယ်၊ နောက်ရွာသားတွေ ချန်ထားတဲ့ ရိက္ခာနည်းနည်းပါးပါး ပျက်စီးသွားတယ်။ ဝါရီကောခူရွာမှာ လက်နက်ကြီးကြောင့် အိမ်ခြေ ၁၀ လုံးပျက်စီးပြီး အမျိုးသမီးတစ်ယောက် ဒဏ်ရာရတယ်"
လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက လူဦးရေတစ်ထောင်ကျော်ရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်းကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၃ ရက်မှာ ဂျက်တိုက်လေယာဉ်သုံးပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီကလည်း ဒီတိုက်ခိုက်မှုအတွင်း လေကြောင်းပစ်ကူနဲ့ အမြောက်ပစ်ကူတွေကို အသုံးပြုခဲ့တယ်လို့ ဖေဖော်ဝါရီလ ၄ ရက်မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဒုက္ခသည်စခန်း မဟုတ်ဘဲ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၀ အခြေပြုနေထိုင်တဲ့ နေရာဖြစ်တယ်လို့ ဆိုပါတယ်။
ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒေသခံ ၂၀၂,၁၁၅ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။