ကရင် ရေဘေး ဒုက္ခသည် တိုးလာ
2018.07.25
အရင်သီတင်းပတ်က မိုးအဆက်မပြတ် ရွာခဲ့ပြီး သံလွင်မြစ်ရေတက် နေတာကြောင့် ကရင်ပြည်နယ် ဘားအံမြို့နယ်နဲ့ လှိုင်းဘွဲ့မြို့နယ်တို့မှာ ရေဘေးဒုက္ခသည် ရှစ်ထောင်လောက်အထိ တိုးလာနေပါတယ်။
ရေဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိအောင် စီစဉ်ပေးထားတယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး က ပြောပါတယ်။
"ရေကတော့တက်နေတယ်ပေါ့၊ အခုက လူ ၆၀၀၀ ကျော်ရှိတယ်၊ စခန်းအားလုံးကို လုံလုံလောက်လောက်နဲ့ ကျန်းမာရေးရော ရေသန့်ကိစ္စ မီးကိစ္စ အဖွဲ့တွေကို သီးသန့်တာဝန်ခွဲထားပေးတယ်ပေါ့"
လက်ရှိ ဘားအံမြို့မှာ ကယ်ဆယ်ရေးစခန်း ၁ဝ ခု ဖွင့်လှစ်ထားပြီး ရေဘေးဒုက္ခသည် ၆ ထောင်ကျော် အထိ ရှိနေပါတယ်။ လှိုင်းဘွဲ့မြို့နယ်မှာဆိုရင်လည်း ကယ်ဆယ်ရေးစခန်း ၁၅ ခုမှာ ရေဘေးဒုက္ခသည် ၂ ထောင်နီးပါး ရှိနေပြီလို့ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်ဟာ ဒီနေ့မနက် က ဘားအံမြို့ကို ရောက်ရှိနေပြီး ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီမြို့နယ်တွေမှာရှိတဲ့ ရေဘေးသင့် ဒုက္ခသည် တွေအတွက် အလှူငွေ ကျပ်သိန်း ၁၃ဝ တန်ဖိုးရှိတဲ့ ရိက္ခာတွေကို ပြည်နယ်ဝန်ကြီးချုပ်ထံ လှူဒါန်းခဲ့ပါတယ်။
သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ဒီနေ့ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေပြီး ဆက်လက်တက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရေကြီးရေလျှံမှုတွေကြောင့် နေရာရွှေ့ပြောင်းနေရသူ ၆ ထောင်နီးပါး ရှိခဲ့တဲ့ တနင်္သာရီမြို့နယ်မှာ ရေအနည်းငယ် ကျသွားတာကြောင့် ရေကျတဲ့ကျေးရွာတွေက စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။
အလားတူပဲ မွန်ပြည်နယ် ဘီးလင်းမြို့မှာလည်း ရေကြီးရေလျှံတာကြောင့် လူဦးရေ ၅ဝဝ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရတယ်လို့ သိရပါတယ်။
ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးစခန်းသုံးခု ဖွင့်ထားပြီး ရပ်မိရပ်ဖတွေ၊ စေတနာရှင်တွေက ကူညီပေးနေသလို မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနဲ့အဖွဲ့ လာရောက်ကြည့်ရှုခဲ့ပြီး ခေါက်ဆွဲခြောက်၊ ဆီနဲ့ ငါးသေတ္တာဗူး စတဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။